ရန်ကုန်၊ မေ ၁၁
NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေ၊ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ သွေးသောက်အဖွဲ့အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းတစ်ချို့ရဲ့ လုပ်ဆောင်ချက်တွေမှာ စစ်ကောင်စီပါဝင်ပတ်သက်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က မေလ ၁၀ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့မှာ စတင်ဖွဲ့စည်းတယ်လို့ကြေညာခဲ့ကြတဲ့ သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းနဲ့ မျိုးချစ်မဟာမိတ်စတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေမှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုယ်တိုင် ပါဝင်ပက်သက်နေတယ်လို့ NLDကဆိုပါတယ်။
အဆိုပါအဖွဲ့တွေဟာ NLD ပါတီဝင်တွေ၊ ပါတီအမှုဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ၊ ပါတီထောက်ခံသူတွေကို ခြိမ်းခြောက်စာတွေ ပေါ်ပေါ်ထင်ထင်ဖြန့်ဝေပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာကို ပြောင်ပြောင်တင်းတင်းကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ရက်နေ့အထိရရှိထားတဲ့ စာရင်းတွေအရ NLD ပါတီဝင် ၇ဦးနဲ့ ပါတီထောက်ခံသူ ၇ဦးတို့ကို အဆိုပါအဖွဲ့တွေက သတ်ဖြတ်ပစ်ခဲ့ကြပြီး အလောင်းတွေမှာ ကျူးလွန်တဲ့အဖွဲ့အစည်းနာမည်တွေ ချိတ်ဆွဲထားခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ NLD ပါတီဝင် ၇၀၁ဦးရှိနေပြီး စစ်ကြောရေးနဲ့အကျဉ်းထောင်အတွင်း မှာ လွှတ်တော်ကိုယ်စားလှယ်၁ဦးအပါအဝင် ပါတီဝင် ၁၈ဦးသေဆုံးခဲ့တယ်လို့လည်း NLDရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါဟာအာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းထုတ်ပြန်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးအဖွဲ့ (NLD-HRDT)ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတဲ့စာရင်းတွေအရသိရတာဖြစ်ပါတယ်။