ရန်ကုန်၊ မေ ၁၁
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့ ၁ ဖွဲ့ဖြစ်သော စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) မှ တာဝန်ရှိသူ ၁ ဦးဖြစ်သူ ဇော်ထွန်းကို သန်လျင် ပ.က.ဖ က ယနေ့ မေလ ၁၁ ရက် နံနက် ၇ နာရီ ၅ မိနစ်တွင် WH Hotel အနီး ကားလမ်းမပေါ်၌ ပစ်ခတ်ရှင်းလင်းရာ ဇော်ထွန်းမောင်းလာသော Honda Fit Shuttle အမျိုးအစား အပြာရောင် မော်တော်ယာဉ်မှာ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိပြီး မှောက်သွားကြောင်း သတင်းရရှိသည်။
“၁၃ ပစ်ပြီးတော့ ရှင်းလိုက်တယ်၊ သေသွားတယ်။ အဲဒီမှာ သူက ကားကို လီဗာနင်းလျက်သားဖြစ်ပြီးတော့ ဓါတ်တိုင်ကို ဝင်တိုက်ပြီး ကားမှောက်သွားတယ်။ သေတာကို အတည်ပြုလို့ရပါတယ်၊ အခုလက်ရှိ အစစ်အဆေးကြမ်းနေတယ်၊ ကျနော်တို့ ပ.က.ဖ အဖွဲ့ဝင်တွေ ဘေးကင်းတဲ့နေရာမှာ ရှိပါတယ်” ဟု သန်လျင် ပ.က.ဖ မှ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
သန်လျင်မြို့နယ် စရဖ တာဝန်ခံဇော်ထွန်းသည် မြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၏ သတင်းများကို ထောက်လှမ်းပြီး စစ်ကောင်စီထံ သတင်းပေးနေကြောင်း ဒေသသတင်းရင်းထံမှ သိရှိရသည်။
“ရှင်းလင်းခံလိုက်ရတာက စရဖ တာဝန်ခံ ဇော်ထွန်းပါ။ သန်လျင် အောင်ချမ်းသာ အေးသစ္စာရပ်ကွက်မှာ နေတာပါ၊ လက်ရှိသန်လျင်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ သက်ဆိုင်သူများရော မသက်ဆိုင်သူများပါ သူ့ကြောင့် ဖမ်းဆီးညှင်းပန်းနှိပ်စက်ခံကြရပါတယ်” ဟု ဒေသသတင်းရင်းမြစ် သန်လျင်ချန်နယ်ထံမှ သိရှိရသည်။
လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာနေရာအနီးဝန်းကျင်၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိုက်စိပ်တိုက်ရှာဖွေနေသလို သန်လျင်နေရာအနှံ့မှာလည်း Check Point များထားကာ ဖြတ်သန်းသွားလာသူများထံမှ ဖုန်းများကို စစ်ဆေးခြင်း၊ ဆိုင်ကယ်များကို စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဓါတ်ပုံ – ပစ်ခတ်ရှင်းလင်းခံရသည့် သန်လျင် စရဖ တာဝန်ခံ ဇော်ထွန်း