ရန်ကုန်၊ မေ ၁၁
အကြမ်းဖက် စစ်ခေါင်းဆောင် စိုးဝင်းအမိန့်အရ တစ်နိုင်ငံလုံး တက္ကသိုလ်၊ ကော လိပ်တွေမှာရှိတဲ့ အမှိုက်တွေကို စီမံချက်နဲ့ ရှင်းလင်းနေရတယ်လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုပါတယ်။ စစ်ကောင်စီရဲ့ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးမြို့သို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ ညွှန်ကြားအနေနဲ့ ၂၀၂၂ ခုနှစ် မေလမှာ တက္ကသိုလ်၊ ကောလိပ်တွေ ပြန်လည် ဖွင့်လှစ်ဖို့ စီစဉ်မှုအနေနဲ့ ကျောင်းဥပဓိရုပ်ကောင်းမွန်အောင် ဆောင်ရွက်ဖို့် နဲ့ ကျောင်းတွင်း၊ ကျောင်းပြင်ပ သန့်ရှင်းရေးနဲ့ လုံခြုံရေး အထူးဂရုစိုက် ပြင်ဆင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ အဲဒီစိုးဝင်းရဲ့ ညွှန်ကြားချက်အရပဲ တစ်နိုင်ငံလုံး ကောလိပ်၊ တက္ကသိုလ်တွေမှာ ရှင်းလင်းရေးအဖြစ် သက်ဆိုင်ရာ စစ်ကောင်စီခန့်ဝန်ကြီးချုပ်တွေက ဦးစီး ဆောင် ရွက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “Non-CDM တွေ ဝန်ထမ်းတွေအားလုံး အမှိုက်ကျူံးနေရတယ်။ ဌာနပေါင်းစုံ ဝန်ထမ်းတွေ အမှိုက်ရှင်းရတာပါ။ ဌာန တစ်ခုတည်းမဟုတ်ဘူး။ ဝန်ကြီးဌာနပေါင်းစုံ လုပ်အားပေးခိုင်းတာပါ။ တက္ကသိုလ်၊ ကောလိပ်တွေ၊ ကျောင်းတွေကို ရှင်းခိုင်းတာပါ” လို့ နေပြည်တော်သတင်းရင်းမြစ်က ဆိုပါတယ်။ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်တွေမှာ ရှုပ်နေတာတွေကို ရှင်းလင်းခိုင်းတာဟာ နိုင်ငံရေးအရ ယတြာအဖြစ် ရှင်းခိုင်းတာလို့ ဝန်ထမ်းတချို့က သုံးသပ်မှုတွေရှိပါတယ်။ “ကျောင်းအတွင်းအပြင် သန့်ရှင်းတယ်ဆိုတာက ကျောင်းတွေရဲ့ ပုံမှန် လုပ်နေကြ အလုပ်ပဲလေ။ ဒါကြီးကို တကူး တကကြီး စီမံချက်ကြီးနဲ့ တစ်နိုင်ငံလုံး ကောလိပ် တက္ကသိုလ်တွေ ကျောင်းတွေ ရှင်းခိုင်းတာဆိုတာတော့ ယတြာလားဆိုတာမျိုး ပြောကြတာတော့ ရှိတယ်။ တစ်နိုင်ငံလုံး ကျောင်းမှန်သမျှ၊ တက္ကသိုလ်မှန်သမျှ၊ ကောလိပ်မှန်သမျှ ရှင်းခိုင်းတာပါ။ ဘယ်သူမှ မနေရဘူး။ ဌာနပေါင်းစုံက အမှိုက်ရှင်းရတာ” ဟု မီးသတ်၀န်ထမ်းတစ်ဦးက ပြောဆိုပါတယ်။ ဓာတ်ပုံ-စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်နဲ့ စစ်အရာရှိတွေက ဝန်ထမ်းမှန်သမျှကို ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ အမှိုက်ကျူံးခိုင်းနေသည့်မြင်ကွင်း။