31 C
Yangon

ဇရပ်ကြီးရဲစခန်းမှ အရက်မူးနေသော ရဲတပ်သား ထွန်းထွန်းဝင်းက သေနတ်ဖြင့် ပစ်ခတ်၍ အသက် ၁၃ နှစ်အရွယ် မောင်မျိုးမြတ်ထွန်း ကျည်ထိမှန် ပွဲချင်း ပြီးသေဆုံး၊ လျှော်ကြေး ၁၅ သိန်းပေးပြီး ကျေအေးရန် ရဲစခန်းက ဖိအားပေး

Must read

ရန်ကုန်၊ မေ ၁၂

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးရဲစခန်းမှ အရက် သေစာသောက်စားပြီး မူးရူးနေသော ရဲတပ်သား ထွန်းထွန်းဝင်းက ယမန်နေ့ညပိုင်း သေ နတ်ဖြင့် ရမ်းသမ်းပစ်ခတ်၍ ရဲစခန်းအနီး နေအိမ်မှ အသက် ၁၃ နှစ်အရွယ် မောင်မျိုးမြတ်ထွန်း ကျည်ထိမှန် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ ည ၈နာရီခွဲကျော်အချိန် လျှပ်စစ်မီးပြတ်နေစဉ် အသက် ၁၃ နှစ်အရွယ် မောင်မျိုးမြတ်ထွန်းသည် ဖျားနေသည့် သူ၏ အမေအတွက် ဆန် ပြုတ်ထည့်ရန် မီးဖိုချောင်သို့လာစဉ် ဇရပ်ကြီး ရဲစခန်းမှ ရဲတပ်သား ထွန်းထွန်းဝင်းက အရက်မူးပြီး သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် မောင်မျိုးမြတ်ထွန်းမှာ ၂ ချက် ကျည်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။

“ကလေးက သူ့အမေအတွက် ဆန်ပြုတ်လေး ခပ်ပေးရင်း ပါးစပ်ထဲ ကြက်သားဖတ်လေး ထည့်စားနေတုန်း ကျည်ထိမှန်ပြီး ဆုံးသွားတာပါ။ ကျည်က ရင်၀ကိုမှန်တာပါ။ သူတို့အိမ်က ရဲစခန်းအနောက်ကပ်လျက်မှာပါ။ ညကမီးကပျက် မိုးကလည်း ရွာတယ်။ ပစ်တာက ရဲတပ်သားထွန်းထွန်းဝင်း။ မူးနေတယ် ရဲတပ်သားထွန်းထွန်းဝင်းက။ သူပြောတာကတော့ လူရိပ်မြင်လို့ဆိုပြီး လှမ်းပစ်တာလို့ပြော တယ်။ သူများအိမ်ထဲကို လှမ်းပစ်တာ။ ပစ်တဲ့သူက လူမုန်းများတဲ့ နယ်ထိန်းရဲ အာကာစိုးရဲ့ညီ ထွန်းထွန်းဝင်းလေ။ အရက်သောက်ဆေးချ ဆေးကြောင်မူးရူးပြီး ရမ်းပစ်တာပါ။ အဲဒါ ရဲစခန်းက ကျေအေးပေးဖို့ လျှော်ကြေး ၁၅ သိန်း မျိုးမြတ်ထွန်းမိဘတွေကိုလာပေးတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် မောင်မျိုးမြတ်ထွန်း၏အလောင်းကို နေအိမ်တွင်ပင်ထားရှိပြီး မေ လ ၁၃ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း၊ ရဲစခန်းနှင့်စစ်တပ်က မောင်မျိုးမြတ်ထွန်း ပစ်သတ်ခံရသည့်ဖြစ်စဉ်ကို ပြင်ပသို့ ပေါက်ကြားခြင်းမရှိရန် မိဘများကို ခြိမ်းခြောက်မှုများလည်းရှိကြောင်း သိရှိရသည်။.

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article