20 C
Yangon

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို အကြမ်းဖက် အဖြစ် ပုံဖော်သည့် IEP အစီရင်ခံစာ ကမ္ဘာတစ်ဝန်းမှ ပညာရှင်နှင့်သုတေသီ ၁၀၀ ကျော်က ဝိုင်ဝန်းကန့်ကွက်၍ တရားဝင် ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာ၊ စစ်ကောင်စီ ၏လုပ်ရပ်များ အကြမ်းဖက်နေဟု ပညာရှင်များအားလုံးက တညီတညွတ်တည်းထောက်ပြ

Must read

ရန်ကုန်၊ မေ ၁၂

အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်သည့် အတိုက်အခံအဖွဲ့အစည်းများကို အကြမ်းဖက်ဟု ပုံဖော်ခဲ့သည့် နိုင်ငံ တကာစီးပွားရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ (IEP)၏ Global Terrorism Index 2022 အစီရင်ခံကို ကမ္ဘာတစ်ဝန်းရှိ မြန်မာ့အရေးလေ့လာသူ ပညာရှင်များ၊ တက္ကသိုလ်၊ ကထိကများနှင့် သုတေသီ ၁၀၀ ကျော်က ကန့်ကွက်စာရေးသားပေးပို့လိုက်ရာ စာပို့ပြီး မကြာခင် မေလ ၁၁ ရက်နေ့ ထိုအစီရင်ခံစာပါ မြန်မာနိုင်ငံအပိုင်းကို ပြန်လည်ရုပ်သိမ်းလိုက်ရကြောင်း သိရှိရသည်။ထိုအစီရင်ခံစာတွင် အကြမ်းဖက်မှုကြောင့် လူအသေအပျောက်တိုးလာသည့်နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၂၄ ဦးသာ ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၅၂၁ ဦးအထိ ရှိလာကြောင်း၊ သေ ဆုံးသူ ထက်ဝက်ကျော်အတွက် စစ်အစိုးရ ဆန့်ကျင်ရေးလက်နက်ကိုင်အုပ်စုများတွင် တာဝန်ရှိကြောင်း၊ သေဆုံးသူအများစုမှာ အစိုးရဝန်ထမ်းနှင့် စစ်သားများဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်အစိုးရ ဆန့်ကျင်ရေးတပ်များ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များကို “အကြမ်း ဖက် မှုကြောင့် သေဆုံးသူများ” အဖြစ် ပုံဖော်ထားကြောင်း၊ ဥပမာအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် သေနတ်သမားများ သတ်ဖြတ်ခဲ့သည့် စစ်သား ၄၀ ဦးနှင့် မကွေးတိုင်းဒေသကြီးအတွင်း မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၃၀ ဦးသေဆုံးသည့် ဖြစ်စဥ်များကို ရည်ညွန်းထားသည်။ IEP ၏ အစီရင်ခံစာသည် နိုင်ငံတကာပညာရှင်များ ယေဘုယျသတ်မှတ်ထားသည့် အကြမ်းဖက်မှုဆိုသည့် အဓိပ္ပာယ်နှင့် ကွဲလွဲရုံမက သူ့ကိုယ်ပိုင် အဓိ ပ္ပာယ် နှင့်ပါ ဆန့်ကျင်နေကြောင်း၊ မြန်မာ့အတိုက်အခံအင်အားစုများသည် နိုင်ငံ တကာဥပဒေများ၊ ဂျီနီဗာကွန်ဗန်းရှင်းဘောင်များအတွင်းရှိနေသမျှနှင့် နိုင်ငံရေးအပြောင်းအလဲဖြစ်ရန်ရည်ရွည်ချက်ဖြင့် စစ်ရေးပစ်မှတ်များနှင့် ယန္တရားများကို ပစ်မှတ်ထားသမျှကာလပတ်လုံး သူတို့သည် “ပြောက်ကျား” စစ်ဆင်ရေး အဓိပ္ပာယ်အတွင်း အကျုံး၀င်ကြောင်း၊ သို့သော် ပြည်သူများအား အကြောက်တရားလွမ်းမိုးစေရန်နှင့် နာကြင်စေရန် တမင်ပစ်မှတ်ထားသည့် အာဏာသိမ်းစစ်ကောင်စီသာလျှင် “အကြမ်းဖက်” အဓိပ္ပာယ်နှင့် ကိုက်ညီကြောင်း ထောက်ပြထားကြောင်း သိရှိရသည်။ တရားဝင် စစ်ဖက်ပစ်မှတ်များကို တိုက်ခိုက်နေသည့် လက်နက်ကိုင်တော် လှန်ရေးအဖွဲ့များကို အကြမ်းဖက်သမားများအဖြစ် ဖော်ပြခြင်းသည် ပညာရပ်ရှု ထောင့် အရ မှားယွင်းရုံသာမက မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကို အားပေးသည့်အတွက် ကျင့်ဝတ်အရ ယိုယွင်းပျက်ပြားလျက် ရှိကြောင်း ထိုစာက ဝေဖန်ထားကြောင်း သိရှိရသည်။ IEP အစီရင်ခံစာသည် နိုင်ငံရေးအရလည်း ပြဿနာ ဖြစ်လာစေပြီး စစ်အစိုးရ ဆန့်ကျင်သူ ပြောက်ကျားများ၏ လွတ်မြောက်ရေးဆောင်ရွက်မှုကို ဥပဒေမဲ့ အကြမ်းဖက်မှုအဖြစ် ပြောင်းလဲပုံဖော်ခဲ့ပြီး၊ တစ်ဖက်တွင် စစ်အစိုးရ၏ ဝါဒဖြန့် စည်းရုံးမှုဖြစ်နေကြောင်း၊ အကျိုးဆက်အနေဖြင့် ထိုအစီရင်ခံစာသည် ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်ထားသည့် အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းယူခဲ့သည့် စစ်တပ်ကို တရားဝင် အသိအမှတ်ပြုရာ ရောက်သွားခဲ့ကြောင်း ပါရှိသည်။ ထိုသို့ ပညာရပ်ပိုင်းဆိုင်ရာ မှားယွင်းနေရုံမက ကျင့်ဝတ်ပိုင်းအရ ချွတ်ခြုံကျနေပြီး နိုင်ငံရေးအရလည်း ပြဿနာရှိသည့် ထိုအစီရင်ခံစာကို ရုပ်သိမ်းရန် (သို့မ ဟုတ်) မြန်မာအပိုင်းကို ပြန်ပြင်ရန်နှင့် မြန်မာအတိုက်အခံများကို လူသိရှင်ပြား ပြန်လည်တောင်းပန်ရန် မေလ ၁၁ ရက်နေ့က ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုစာ၏ ထူးခြားချက်မှာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများသည် မြန်မာ့တော်လှန်ရေးကို မယ်မယ်ရရ ထောက်ခံကူညီခြင်းမရှ်ိဘဲ အာဏာသိမ်းစစ်ကောင်စီဘက် ယိုင်းနေချိန်တွင် နိုင်ငံအသီးသီး တက္ကသိုလ်အသီးသီးမှ ပညာရှင်များက အတိုက်အခံများဘက်မှ တခဲနက် ရပ်တည်ပြခဲ့ခြင်းဖြစ်သည်။ထိုပညာရှင်များထဲတွင် မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲတလျှောက် အတိုက်အခံများဖက်မှ ရပ်တည်ခဲ့သည့် ပညာရှင်များသာမက ဦးနေ၀င်းနှင့် ဗိုလ်ချုပ်သန်းရွှေခေတ်အဆက်ဆက် စစ်အစိုးရကို ကာကွယ်သူဟု လူသိများသည့် နာမည်ကျော် မြန်မာ့အရေးကျွမ်းကျင်သူ ပညာရှင်များပါ ပါ၀င်နေသည်။ထိုကန့်ကွက်စာရေးပို့ပြီး မကြာခင်မှာပင် IEP သည် အဆိုပါအစီရင်ခံစာပါ မြန်မာအပိုင်းကို ရုပ်သိမ်းကြောင်း ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံနှင့် ဆိုင်သည့် အပိုင်းကိုဖြုတ်လိုက်သည်ဟု ထုတ်ပြန်ထားသော်လည်း Index တွင် မြန်မာနိုင်ငံကို ဖော်ပြထာသည့် အဆင့်သည် အကြမ်းဖက် စစ်ကောင်စီကိုဘက်လိုက်ပြီး တော်လှန်ရေးအင်အားစုများ၏ ပျောက်ကျားစစ်ကို တဖက်သတ် ပုံဖျက်ထားသည့် အချက်အလက်များကို ဆက်လက်သုံးစွဲထားခြင်း ရှိမရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဓာတ်ပုံ- စစ်တပ်က ပစ်သတ်လိုက်သော ဆန္ဒပြပြည်သူတစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article