28 C
Yangon

ရေဦးတွင် အကြမ်းဖက် စစ်တပ်က မုံတိုင်ပင်ရွာသား ၂၂ ဦးကို သတ်ဖြတ်ပြီး ပြည်သူ ၂၈ ဦးကို လူသား ဒိုင်းအဖြစ် ဖမ်းဆီးသွား၊ ကျေးရွာ ၆ရွာက ပြည်သူပိုင် နေအိမ်အလုံး ၈ဝကျော်ကိုလည်း စစ်တပ်က မီးရှို့ ဖျက်ဆီး၊ မြိုင်မြို့နယ် တောင်ဘို့ရွာကိုလည်း စစ်တပ်က ဝင်စီးပြီး ကျေးရွာသား ၁ ဦးကို ပစ်သတ်ကာ ၁ဝ ဦးကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ မေ ၁၂

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုံတိုင်ပင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၂၂ ဦးကို ပစ်သတ်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ သတ်ဖြတ်ထားသော ရုပ်အလောင်းများကို မီးရှို့ အလောင်းဖျောက်ဖျက်ခြင်း၊ ရေတွင်းများထဲသို့ ပစ်ချခဲ့ခြင်းနှင့် အိမ်အောက်ခြေများထဲသို့ ရုပ်အလောင်းများကို ထိုးထည့်ခဲ့ကြောင်း သိရသည်။ မုံတိုင်ပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ သံဃာ ၃ ပါးကိုလည်း စစ်တပ်က လူဝတ်လည်းကာ ဖမ်းဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူ ၃၁ ဦးကိုလည်း ဖမ်းဆီးခဲ့ကာ စစ်တပ်က လူသား ဒိုင်းပြုလုပ်ရန် ပြည်သူ ၂၈ ဦးကို ဖမ်းဆီးသွားပြီး သံဃာတော် ၃ပါးနှင့် ကျန်သူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက် စစ်တပ်သည် မုံတိုင်ပင် ကျေးရွာ အနီးရှိ နှောကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံး၊ အင်ပင်ကျေးရွာမှ ပြည်သူပိုင် နေနအိမ် ၁၂ လုံး၊ ချမ်းသာရွာမှ ပြည်သူ ပိုင်နေအိမ် ၂၁ လုံး၊ ဆီဆုံရွာမှ ပြည်သူပိုင် နေအိမ် ၇ လုံး၊ သံသည်ရွာမှ ပြည်သူပိုင် နေအိမ် ၂ လုံးနှင့် မုံတိုင်ပင်ရွာမှ ပြည်သူပိုင် နေအိမ် ၂၉ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အလောင်းတွေဟာ ရွာထဲမှာ ပြန့်ကျဲနေသလို ဘယ်သူမှလည်း မကောက်ရဲကြသေးဘူး။ PDF တပ်သားတွေက မီးရှို့ခံထားရတဲ့ အိမ်တွေကို အတတ်နိုင်ဆုံးမီးငြှိမ်းသတ်ပေးပြီး လုပ်နိုင်သမျှလုပ်ပေးနေပါတယ်။ မီးထဲပါသွားတာ လက်ရှိ သိရသလောက် ၂၉ အိမ်လောက်ရှိပါတယ် ပစ်သတ်ခံရသူတွေက ဘယ်သူဘယ်ဝါမှန်းကို မသိသေးတာဗျ။ သွေးကွက်တွေလည်း တွေ့တယ်။ မီးမရှို့ခံရခင် ပစ်သတ်ခံရတယ်လို့ ယူဆလို့ ရပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ မုံတင်ပင်ရွာသည် အိမ်ခြေ ၄၈၀ ခန့်ရှိပြီး လူဦးရေ ၁၉၀၀ ကျော်နေထိုင်သည့် ကျေးရွာကြီး တစ်ရွာဖြစ်ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများနှင့် ငွေကြေးများကိုလည်း အကြမ်းဖက် စစ်တပ်က ခိုးယူသွားပြီး မုံတိုင်ပင်ရွာ အရှေ့ဘက်ရှိ အောင်သာယာရွာ ပျူစောထီးများကလည်း ဆီ ၂၂ ပုံး၊ စပါး တင်း ၁၅၀ ၊ ပဲထောပတ် ၁၀ တင်းကို ခိုးယူသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ အလားတူ မကွေးတိုင်း မြိုင်မြို့နယ် တောင်ဘို့ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ၁ဝ ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။ တောင်ဘို့ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီးနောက် ပြည်သူပိုင် နေအိမ်များရှိ ပစ္စည်းများကိုလည်း လုယက်ယူဆောင်နေကာ ၎င်းတို့ ယူဆောင်ခြင်းမရှိသော ပစ္စည်းများကို ဖျက်ဆီးနေကြောင်း သိရသည်။ ” ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က တောင်ဘို့ရွာကို စစ်ခွေးတွေ ဝင်ရောက်စီးနင်းနေတယ်။ ပြည်သူပိုင် ပစ္စည်းတွေကိုလည်း လုယက်သယ်ယူနေပါတယ်။ လက်ရှိ သတင်းအရတော့ အမျိူးသား ၁ ဦး ပစ်သတ်ခံရတယ်။ ကျေးရွာထဲက ပြည်သူ ၁ဝ ဦးကိုလည်း ဖမ်းဆီးခံထားတယ်” ဟု ဒေသခံပြည်သူ တစ် ဦးကပြောဆိုသည်။ လက်ရှိချိန်တွင် တောင်ဘို့ရွာရှိ ဒေသခံပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကာ သေဆုံးသူ အမည် မည်ဝါဖြစ်သည်ကို အတည်မပြုနိုင်းသေးလဲ ကျေးရွာအတွင်းရှိ ပျက်စီး ဆုံးရှုံးမှု အခြေအနေများကိုလည်း မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။ ထို့ုပြင် အကြမ်းဖက် စစ်တပ်က တောင်ဘို့ရွာမှ လက်ယက်မစံပြကျေးရွာကို လက်နက်ကြီးဖြင့် ၈ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ကျောက်ဆောက်ရွာနှင့် ကုန်းစင်ရှားတောဘက်သို့ လက်နက်ကြီးများ ကျရောက်ခဲ့ကာ ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article