ရန်ကုန်၊ မေ ၁၃
ကချင်လွတ်လပ်ရေးတပ်မတော်KIA ၊ ကရင် KNU နှင့် ကရင်နီKNPP လက်နက်ကိုင် ၃ ဖွဲ့က ဖိတ်ခေါ်ထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ရောက်မှုတွင် ပြည်ပနိုင်ငံများ ပါဝင်ပတ်သက်နေပြီး PDF ၊ CRPH တို့နှင့်ပါ ဆက်နွယ်နေကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မချိ တင်ကဲ သုံးသပ်ပြောဆိုလိုက်သည်။
မေလ ၁၂ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော အကြမ်းဖက် စစ်ကောင်စီ အစည်းအဝေးတွင် ၎င်း က ထိုကဲ့သို့ မချိတင်ကဲ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“မူလက တက်မယ်လို့ ဆန္ဒရှိနေပြီးတော့မှ လာမတက်ဘူးဆိုပြီးတော့ ဆုံး ဖြတ်ချက်ချခဲ့တာ KNU အဖွဲ့ဖြစ်ပါတယ်။ KNU ရယ်၊ နောက်တစ်ခါ KIA ရယ်၊ KNPP ကတော့ အဲဒီနယ်မြေတွေမှာရှိတဲ့ တချို့သော သူတို့အဖွဲ့အစည်းတွေက ကျနော်တို့ဆီမှာ လက်ရှိအကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF နောက်တစ်ခါ CRPH သူတို့နဲ့ ဆက်နွယ်နေတဲ့ဟာတွေရှိတာတွေ့တယ်။ နောက်တစ်ခါ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံရဲ့ ပတ်သက်မှုနဲ့ ဆက်နွယ်နေတယ်လို့လည်း ကျနော်တို့ သိထားပါတယ်။ ဒါကြောင့်လည်း သူတို့က ကျနော်တို့ရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ မတက်ဘူးဆိုတဲ့ အကြောင်း ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ကျနော်တို့ တွေ့ရှိပါတယ်” ဟု မင်းအောင်လှိုင်က ပြောဆိုသည်။
လက်ရှိတွင် မင်းအောင်လှိုင်စစ်တပ်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အဖွဲ့ ၁၀ ဖွဲ့နှင့်သာ တွေ့ဆုံရမည်ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေသော အဖွဲ့များအားလုံးက မင်းအောင်လှိုင်၏ ဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ပြောဆိုထားကြသည်။