23.9 C
Yangon

ထီရိစစ်ကောင်စီစခန်းကို တိုက်ခိုက်စဉ် ဗိုလ်မှူးဟိန်းထက်ကိုကို အပါအဝင် ၁၅ ဦးသေဆုံး၊ အရှင်ဖမ်းမိသည့် ၅ ဦးကို ကောင်းမွန်စွာထားပြီး စစ်ဆေးနေ

Must read

ရန်ကုန်၊ မေ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်များ တပ်စွဲထားရာ ဂိတ်စခန်းကို ယမန်နေ့ မေလ ၁၂ ရက် နံနက်အစောပိုင်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ၏ တပ်မ ၅၅ မှ ဗိုလ်မှူးဟိန်းထက်ကိုကို အပါအဝင် ၁၅ ဦးသေဆုံးခဲ့ကာ အရှင်ဖမ်းမိသည့် ၅ ဦးကို ကောင်းမွန်စွာထားပြီး စစ်ဆေးနေကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ထံမှ သိရှိရသည်။

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲအင်းအရှေ့ဘက်ခြမ်းရှိ ထီရိစစ်ကောင်စီဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ နံနက် ၄ နာရီတွင် စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မ ၅၅ မှ ဗိုလ်မှူးဟိန်းထက်ကိုကို အပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး စစ်သား ၂ ဦးနှင့် PNO ပအိုဝ်းပြည်သူ့စစ် ၃ ဦးကို အရှင်ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တပ်ဖွဲ့ဝင်များက အတည်ပြုပြောဆိုသည်။

စခန်းသိမ်းတိုက်ပွဲပြီးဆုံးပြီးနောက် အရှင်ဖမ်းမိသူ ၅ ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း၊ ရှမ်း-ကရင်နီစစ်ရေးကော်မရှင်ထံအပ်နှံကာ ကောင်းမွန်စွာထားရှိပြီး စစ်ဆေးနေကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။

အဆိုပါ ထီရိစခန်း ဝင်ရောက်တိုက်ခိုက်ခံနေရစဉ် နံနက် ၆ နာရီကျော်ခန့်တွင် မိုးဗြဲအင်းအနောက်ဘက်ခြမ်းရှိ ဖယ်ခုံမြို့အခြေစိုက် စကခ ၇ လက်အောက်ခံ တပ်ရင်းများမှ လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ကြောင်း၊ နံနက် ၇ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များမှ လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ကူများကြောင့် ပြည်သူ ထိခိုက်မှုရှိ၊ မရှိကို မသိရှိရသေးပေ။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ MA အမျိုးအစား သေနတ် ၁၁ လက်အပါအဝင်၊ လက်နက်ကြီး ၃ လက်၊ လက်နက်ကြီးကျည်များ၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်အများအပြားကို ကရင်နီပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃၊ တပ်ခွဲ ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ထီရိစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဖယ်ခုံ PDF ၂ ဦး မစိုးရိမ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article