ရန်ကုန်၊ မေ ၁၃
Justice For Myanmar က စုံစမ်းဖော်ထုတ်ထားတဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ အာဆီယံအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေး၊ စစ်ရေးပူးပေါင်း ဆောင်ရွက်နေမှုတွေဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတာ ဖြစ်တယ်လို့ သုံးသပ် ရေးသားထားပါတယ်။
အာဆီယံအနေနဲ့ ကာကွယ်ရေး အစီအစဉ်တရပ်ဖြစ်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ကို အသုံးချပြီး အကြမ်းဖက် မြန်မာစစ်တပ်ကို အစည်းအဝေးတွေ၊ လေ့ကျင့်ရေးသင်တန်းတွေ၊ ထောက်လှမ်းရေးဆိုင်ရာ အပြန်အလှန် ဖလှယ်မှုတွေ စစ်လက်နက် ထုတ်လုပ်မှုတွေ၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာတွေနဲ့ ပညာရေးကဏ္ဍတွေမှာ ပါဝင်တက်ရောက်ဖို့ ခွင့်ပြုထားကြောင်း Justice For Myanmar က အသေးစိတ် ဖော်ပြထားပါတယ်။
အဆိုပါအစည်းအဝေးမှာ ပါဝင်ခြင်းကြောင့် အကြမ်းဖက်စစ်တပ်အနေနဲ့ စွမ်းဆောင်နိုင်စွမ်းတွေ တည်ဆောက်ဖို့၊ စစ်လက်နက်တွေ ဝယ်ယူနိုင်ခွင့် ရဖို့၊ အခွန်ငွေ အရင်းအမြစ်တွေကို ရှာဖွေနိုင်ဖို့၊ နိုင်ငံတကာတရားဝင်မှုကို ရှာဖွေနိုင်ဖို့၊ ဝါဒဖြန့်ချီရေး ရည်ရွယ်ချက်အတွက် အကြောင်းအရာတွေ တည်ဆောက်ဖို့နဲ့ အာဆီယံအဖွဲ့ဝင်တွေ၊ ဒေသတွင်း အင်အားကြီး နိုင်ငံတွေနဲ့ စစ်ဘက်ဆိုင်ရာ နှစ်ဘက်ဆက်ဆံရေးတွေ ခိုင်မာအောင် ကြိုးပမ်းဖို့ အတွက် ထောက်ပံ့ကူညီမှုတွေ ရရှိနေတာပါ။
လက်ရှိမှာ အာဆီယံအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးတွေနဲ့ လူသားချင်း စာနာထောက်ထားမှု ဥပဒေတို့ကို အကြိမ်ကြိမ် ချိုးဖောက်ထားတဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။
တကယ်တော့ အာဆီယံဟာ ဒေသတွင်း နိုင်ငံအစိုးရတွေပါဝင်တဲ့ အရေးပါတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်တာကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေကို ကာကွယ်တားဆီးဖို့အတွက် ကူညီနိုင်တဲ့ ဒေသတွင်း အဖွဲ့လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အာဆီယံအနေနဲ့ မြန်မာစစ်တပ်ကို အစည်းအဝေးတွေမှာ ပါဝင်ခွင့်ပေးထားခြင်းက နိုင်ငံတကာရာဇဝတ်မှုတွေကို ရပ်တန့်ဖို့ နိုင်ငံတကာရဲ့ ပူးပေါင်းအရေးယူ ဆောင်ရွက်ချက်တွေကို နှောင့်နှေးကြန့်ကြာစေခဲ့ပါတယ်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အာဆီယံအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေး တွေ၊ လူသားချင်း စာနာထောက်ထားမှု ဥပဒေတွေကို ထိန်းသိမ်းဖို့ လုံးဝပျက်ကွက်ခဲ့ပါတယ်။ အာဆီယံက မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်ပြီးကျူးလွန်နေတာ၊ တရားမဝင်အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တာကို ကောင်းကောင်း နားလည်သိရှိပါတယ်”
“အာဆီယံအနေနဲ့ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ၊ ဒီမိုကရေစီ ယုတ်လျော့ပျက်စီးအောင် လုပ်နေတာတွေနဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်တဲ့ တိုက်ခိုက်မှုတွေကို မသိပါဘူးဆိုပြီး ငြင်းလို့ မရနိုင်ပါဘူး။” လို့ ဆိုပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်က မြန်မာ့အကြပ်အတည်းကို လုံးဝ မဖြေရှင်းနိုင်ရုံသာမက ဒီအကြပ် အတည်းကို ဖန်တီးခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီနဲ့ ၎င်းတို့ကိုယ်တိုင် ကြံရာပါ ပတ်သက်တဲ့ အခြေအနေကို ထိန်းထားဖို့ အားပေးနေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အာဆီယံအနေနဲ့ လက်ရှိလမ်းကြောင်းကို ချက်ချင်းပြောင်းဖို့၊ တရားမဝင် မြန်မာစစ်ကောင်စီကို ဖယ်ထုတ်ဖို့နဲ့ မြန်မာ့အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲလုပ်ဆောင်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်” လို့ မရတနာမောင်က ပြောပါတယ်။
ဒါ့အပြင် အာဆီယံအနေဖြင့်-
၁။ အစည်းအဝေးနှင့် လှုပ်ရှားမှုအားလုံးမှ မြန်မာစစ်ကောင်စီအား ဖယ်ရှားရန်။
၂။ အမျိုးသား ညီညွတ်ရေး အစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန်နှင့် မြန်မာ့အကြပ်အတည်းကို ဖြေရှင်းရန် အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ပူးပေါင်း လုပ်ဆောင်ရန်။
၃။ မြန်မာပြည်သူများအပေါ် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန်။
၄။ အာဆီယံ၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုဆိုင်ရာ မူဘောင်တစ်ရပ်ကို ဖော်ဆောင်ရန်နှင့် အကြမ်းဖက် မြန်မာစစ်တပ်နှင့် ၎င်း၏ စီးပွားရေး လုပ်ငန်းများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ စစ်လက်နက် ရောင်းချမှု ပိတ်ပင်ရေး ပြဌာန်းရန်အတွက် အဖွဲ့ဝင်နိုင်ငံများအား တွန်းအားပေးရန်။
၅။ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက် ရောင်းချမှုပိတ်ပင်ရေး ပြဌာန်းနိုင်ရန်၊ မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှတဆင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းရန်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
စတဲ့ အရေးတကြီး အရေးယူ ဆောင်ရွက်ချက်တွေကို ဆောင်ရွက်ပေးဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။