ရန်ကုန်၊ မေ ၁၃
ချင်းပြည်နယ် မတူပီမှ ဆင်းလာသည့် စစ်တပ် ယာဉ်တန်းကို မေလ ၁၂ ရက်နေ့ ညနေပိုင်းတွင် CDF-Mindat က ၁၄ မိုင်အနီးတွင် ပဒေသာမိုင်းဖြင့် ၂ ကြိမ် မိုင်းဆွဲခဲ့ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁ဝ ဦးသေဆုံးခဲ့ကြောင်း CDF-Mindat က တရားဝင်သတင်းထုတ်ပြန်သည်။အလားတူ ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တောင်ညိုမြို့ သစ် ဂွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာကြားတွင် အင်အား ၃၀ ခန့်ပါဝင်သော စစ်ကြောင်းကို ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ စစ်တပ် စစ်ကြောင်းကို ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သာယာဝတီခရိုင် PDF တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ တို့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထို့ပြင်စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျွန်းတောရွာနှင့် ကျောက်ပြုတ်ရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား ယနေ့ မေလ ၁၃ ရက် နံနက် ၆ နာရီခွဲခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရသော စစ်သားများလည်း ရှိပြီး ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဘက်မှ ရဲဘော် ၆ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့ CGYDF က သတင်းထုတ်ပြန်သည်။ အင်အား ၈၀ ခန့်ပါသော စစ်တပ်စစ်ကြောင်းက ကျောက်ပြုတ်ရွာအနီးသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အလားတူ မကွေးတိုင်း သရက်မြို့နယ် ဂုမ္မဏီရွာ အနီးတွင် ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။
Photo- Getty Image