30 C
Yangon

မြိုင်၊ ရွာရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၃ ဦးသေ ဆုံး၊ ပေါက်မြို့နယ် မြေခြာရွာကို စစ်တပ်က မီးရှို့ပြီး ကျေးရွာ ၁၀ ခုမှ ပစ္စည်း များ ခိုးယူ လုယက်၊ ဒီးမော့ဆိုရဲစခန်းကို PDF ဝင်တိုက်မှု ရဲ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၃

မကွေးတိုင်း မြိုင်မြို့နယ် ရွာရှည်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၃ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၃ ဦးပွဲချင်းပြီးသေဆုံးကာ ပြည်သူပိုင် နေအိမ် ၄၄ လုံးမီးလောင် ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် နွေဦးတော်လှန်ရေး – မြိုင်မြို့နယ် အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ယနေ့ မွန်းလွဲပိုင်းတွင် တောင်ကိုင်းရွာမှ ရွာရှည်ရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရွာရှည်ရွာမှ နေအိမ် တစ်လုံးပေါ် ကျရောက်ကာ မိသားစုဝင် ၃ ဦးသေဆုံးခဲ့ပြီး လက်နက်ကြီး ကျည်ကြောင့် နေအိမ်များ မီးကူးစက် လောင်ကျွမ်းခဲ့ရ ပြည်သူပိုင် နေအိမ် ၄၄ လုံး မီးလောင် ပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စစ်ခွေးတွေက ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တော့ ရွာထဲမှာက ပြည်သူတွေလည်းမရှိတော့ဘူး။ အကုန်ပြေးနေရတော့ မီးငြိမ်းမယ့် သူမရှိဘဲ နေအိမ် ၄၄ လုံးပြာကျသွားတယ်။ လက်ယက်မရွာမှာ အခုစစ်ခွေးတွေက တပ်စွဲထားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် လက်ယက်မရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲခံထားသောကြောင့် အနီးအနား ရွာရှည်ရွာ၊ ဖျသီးရွာ၊ သံ ဘိုရွာ၊ လက်ယက်မရွာ၊ တောင်ကိုင်းရွာ၊ ကျောက်တောရွာ၊ ကျောက်ဆောက်ရွာနှင့် တောင်ဘို့ရွာမှ သောင်းချီရှိသော ပြည်သူများလည်း ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်လာမည်ကို စိုးရိမ်သောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ မြေခြာရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီနင်းခဲ့ပြီး ပြည်သူ ကြက်ခြံ ၃ ခြံကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ယနေ့ နံနက်ပိုင်းတွင် ယောချောင်း တစ်လျောက်ရှိ ဒေါင်းသာ၊ တောင်ချို၊ သရဖီ၊ လယ်လန်း၊ ရွာသာအေး၊ သီးခြောက်၊ ကျောက္ကာ၊ တပွတ်စု၊ သစ်ညီနောင်နှင့် တဲတော်ယာရွာ တို့ကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ခဲ့ကာ ဒေသခံပြည်သူများသည် ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း သိရသည်။

“စစ်တပ်က ယောချောင်း တစ်လျောက်မှာရှိတဲ့ ကျေးရွာတွေကို ဒီနေ့ ဝင်စီးတယ်။ ပြည်သူတွေကတော့ ရွာလုံးကျွတ်ကိုပြေးနေရတာ ၁ဝ ရွာရှိတယ်။ မြေခြာရွာက ကြက်ခြံတွေကိုတော့ စစ်ခွေးတွေက မီးရှို့သွားတယ်။ ကြက်တွေလည်း ယူသွားကျတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ပေါက်တောင်ပိုင်းရှိ ကျေးရွာများကို ဧပြီလပိုင်းမှ စတင်ကာ ဝင်ရောက် စီးနင်း ဖျက်ဆီးနေခြင်းဖြစ်ပြီး ကျေးရွာ ၃ဝ ခန့်မှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့သော ကျေးရွာများလည်း ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုအနေဖြင့် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်းကို DMO PDF နှင့် ဖရူဆို PDF တို့က ယနေ့ မွန်းတည့် ၁၂ နာရီအချိန် ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုက သတင်းထုတ်ပြန်သည်။

တိုက်ပွဲသည် နေ့လည် ၁၂ နာရီခန့်မှာ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများက ရဲစခန်းအတွင်းဘက်တွင်သာ နေရာယူခုခံနေမှုကြောင့် ထိခိုက်ကျဆုံးအသေးစိတ်ကို မသိခဲ့ရကြောင်း၊ DMO PDF ရဲဘော် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းများကိုလည်း တူးဖော်တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုက သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို တပ်ဖွဲ့ဝင်များ။

Photo- DMO-PDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article