28 C
Yangon

ရုရှားကုန်တင်သင်္ဘော LADY MARIIA သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး စစ်လက်နက်ပစ္စည်း တန်ချိန် ၂၀၀ ကျော်လာချ၊ ဒုဗိုလ်မှူးကြီး ဦးဆောင်ပြီး နံနက်အစော နှင့် ည ၁၂ နာရီကျော်ချိန် နှစ်ကြိမ်ခွဲ ခိုးကြောင်ခိုးဝှက် သယ်ယူ

Must read

ရန်ကုန်၊ မေ ၁၄

ရုရှားကုန်တင်သင်္ဘော LADY MARIIA သည် သီလဝါဆိပ်ကမ်းတွင် မေလ ၁၃ ရက်နေ့တွင် စစ်လက်နက် ပစ္စည်း တန်ချိန် ၂၀၀ ကျော်လာချပေးသွားပြီး ယင်းစစ်လက်နက်ပစ္စည်းများကို မေလ ၁၃ ရက်နေ့ နံနက်အစောပိုင်းနှင့် ည ၁၂ နာရီအချိန်တွင် စစ်တပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်၍ နှစ်ကြိမ်ခွဲ ခိုးကြောင်ခိုးဝှက် သယ်ယူခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မေလ ၅ ရက်နေ့ အိန္ဒိယနိုင်ငံ၊ Kochi ဆိပ်ကမ်းမှ ထွက်ခွာလာသော ရုရှားကုန်တင်သင်္ဘော LADY MARIIA ၊ Ro-Ro Cargo (IMO: 9220641 )သည် မေလ ၁၂ ရက်နေ့ညနေပိုင်းတွင် သီလဝါဆိပ်ကမ်း အမှတ် ၅ ဆိပ်ခံတံတားတွင် ဆိုက်ကပ်ကြောင်း၊ မေလ ၁၃ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီးတစ်ဦး ဦးဆောင်ပြီး လေတပ်အရာရှိ တချို့၊ ရုရှားနိုင်ငံသားတချို့ပါ သင်္ဘောပေါ်မှာ စစ်ဘက်ဆိုင်ရာပစ္စည်းများကို ထုတ်ယူကြကြောင်း ၊ ယင်းစစ်ပစ္စည်းများကို ယမန်နေ့နံနက်အစော ပိုင်းတွင် တစ်ကြိမ်၊ ယမန်နေ့ ည ၁၂ နာရီ အချိန်တွင်တစ်ကြိမ် ကွန်တိန်နာကား၊ စစ်ကားများ စုစုပေါင်း ကားစီးရေ ၃၅ စီးကျော်ဖြင့် စစ်လက် နက်ပစ္စည်းများကို သယ်ယူကြကြောင်း သိရှိရသည်။

“စစ်လက်နက်ပစ္စည်း တန်ချိန် ၂၀၀ ကျော်ပါတယ်။ လေတပ်အတွက်လည်းပါသလို အင်းတကော်တပ်ဘက်ကိုလည်း ပို့မယ့် ပစ္စည်းတွေပါတယ်။ လေတပ်ပစွည်းတွေက ပိုများမယ်။ လေတပ်တပ်သားတွေနဲ့ အတူ ဒုတိယဗိုလ်မှူးကြီး တစ်ဦးက ဦးဆောင်ထုတ်ပါတယ်။ရုရှားတစ်ဦးပါတယ်” ဟု စစ်တပ်သတင်း ရင်းမြစ်က ပြောသည်။

ရုရှားကုန်တင်သင်္ဘောမှ စစ်လက်နက်ပစ္စည်းများကို မေလ ၁၃ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်တွင် ကားကြီး ၇ စီးဖြင့်ပထမအကြိမ် သယ်ယူခဲ့ကြောင်း၊ မေလ ၁၃ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန်တွင်မူ ကား စီးရေ ၃၅ စီးကျော်ဖြင့် ဒုတိယအကြိမ် စစ်လက်နက်ပစ္စည်းများ တိတ်တခိုး သယ်ယူကြောင်း သိရှိရသည်။

“မေလ ၁၄ ရက်နေ့ ၀၀ နာရီ ၁၅ မိနစ်မှာ စစ်ကားအကြီးတွေ ကွန်တိန်နာတွေနဲ့ စုစုပေါင်း ကားစီးရေ ၃၅ စီးကျော်နဲ့ စစ်လက်နက်ပစ္စည်း တွေသယ်နေတယ်။ သံချပ်ကာကားတွေလည်းပါတယ်။ သံသုမာလမ်းကနေ မဂ်လာဒုံဘက်ကို တက်သွားတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက အတည်ပြုသည်။

စစ်လက်နက်ပစ္စည်းများ လာချပေးသည့် ရုရှားကုန်တင်သင်္ဘောသည် မေလ ၁၃ ရက်နေ့ ညနေပိုင်းတွင် သီလဝါ ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာပြီး အိန္ဒိယနိုင်ငံ CHENNAI ဆိပ်ကမ်းကို ထွက်သွားကြောင်း၊ အဆိုပါ CHENNAI ဆိပ်ကမ်းသို့ မေလ ၁၇ ရက်နေ့တွင် ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရုရှားကုန်တင်သင်္ဘော LADY MARIIA ၊ Ro-Ro Cargo (IMO: 9220641 )။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article