ရန်ကုန်၊ မေ ၁၄
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ကဗျာကြီးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ဦးထားဝယ်နှင့် အပေါင်းအပါ လဝက ဝန်ထမ်း ၁ ဦးကို ရေးဘီလူးအဖွဲ့က မေလ ၁၃ ရက် ညနေ ၆ နာရီခန့်တွင် နေအိမ်၌ သွားရောက်ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။
“ဦးထားဝယ်က အရင်ကတည်းက အုပ်ချုပ်ရေးမှူးဟောင်း ၁ ယောက်ပဲ၊ လုပ် သက်က တော်တော်များတယ်။ အခု စစ်ကောင်စီလက်အောက်မှာလည်း အလုပ် ဆက်လုပ်နေတယ်၊ သူက ရွာထဲမှ ထင်တိုင်းကြဲနေတယ်။ ဒေသခံတွေက တိုင်ကြတယ်ပေါ့။ သူက ပျူစောထီး ခေါင်းဆောင်လည်း ဖြစ်တယ်။ သူ့ကို မနေ့ မေလ ၁၃ ရက် ညနေ ၆ နာရီလောက်မှာ သွားရှင်းလိုက်တာပါ၊ သူနဲ့ အပေါင်း အပါ လဝက ဝန်ထမ်း ၁ ယောက်ပါ ပါတယ်။ ပျူစောထီးခေါင်းဆောင် ဦးထားဝယ်ကို စစ်ကောင်စီက ပေးထားတဲ့ HK အမျိုးအစား သေနတ် ၁ လက် ပါ ရခဲ့တယ်။” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အဆိုပါ ပျူစောထီးခေါင်းဆောင် ဦးထားဝယ်သည် တပည့်များပါ မွေးမြူပြီး ကျေးရွာများအတွင်း လောင်းကစားဝိုင်းများမှ အခကြေးငွေကောက်ခြင်း၊ လုံခြုံ ရေးယူပေးခြင်းများ ပြုလုပ်နေကြောင်းလည်း သိရှိရသည်။
“သူ့မှာ တပည့် ၈ ယောက်ရှိတယ်။ ကျနော်တို့က နယ်မြေကို လေ့လာပြီးတော့ သူ့တပည့်တွေ လောင်းကစားဝိုင်းမှာ လုံခြုံရေးသွားယူနေတဲ့ အချိန်မှာ သူ့အိမ်ကို ဝင်ပြီး ရှင်းခဲ့တာပါ။” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အလားတူ မေလ ၁၂ ရက်နေ့ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ဒေးပေါက်ကျေး ရွာအုပ်စု ဒေးပေါက်ကျေးရွာနေ ဟိန်းသူရအောင် အသက် ၃၀ နှစ်ခန့် ကို အမည်မသိသူတချို့က သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ရပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။
ထို့ပြင် မေလ ၁၂ ရက်နေ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြစ်သာကျေးရွာရှိ စစ်ကောင်စီခန့်အပ်ထားသော ရွာဥက္ကဋ္ဌ အသတ်ခံရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကဗျာကြီးကျေးရွာ ဥက္ကဋ္ဌ ပျူစောထီးခေါင်းဆောင် ဦးထားဝယ်ထံမှ သိမ်းဆည်းရမိသည့် သေနတ်။