22 C
Yangon

ယင်းမာပင်တွင် စစ်တပ်က နှောရိုးရွာသား ကိုအောင်ဇော်သိန်းကို ပစ်သတ်ပြီး နေအိမ် အလုံး ၃ဝကို မီးရှို့ဖျက်ဆီး၊ ခင်ဦးတွင်လည်း စစ်တပ်က မြို့သစ်ရွာသား ဦးမြင့်စိုးကို ပစ်သတ်ပြီး သိမ်တော်ရွာကို မီးရှို့

Must read

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် နှောရိုးရွာသာ ကိုအောင်ဇော်သိန်းကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာ အတွင်းသို့ ဝင်ရောက် စီးနင်းစဉ် ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ကိုအောင်ဇော်သိန်းကို ပစ်သတ်ပြီးနောက် ရွာသာရွာနှင့် နှောရိုးရွာရှိ ပြည်သူပိုင် နေအိမ် အလုံး ၃၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” ဒီနေ့ ယင်းမာပင် မြို့နယ် ရွာသာရွာကို မီးရှို့ပြီး မုံရွာဘက်သို့ တက်သွားတဲ့ စစ်ကြောင်းက နှောရိုးရွာ အရောက်မှာ ပြည်သူတစ်ဦးကို ရက်စက်စွာ သတ် ဖြတ်ခဲ့ပါတယ်။ ရွာသာရွာမှာရှိတဲ့ အိမ်ခြေ ၂၅ လုံး မီးလောင်ပြာကျသွားတယ်။ နှောရိုးကျေးရွာသား ကိုအောင်ဇော်သိန်း ပစ်သတ်ပြီး စစ်တပ်က ပြည်သူပိုင် ၅လုံးကို မီးရှို့သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိအချိန်တွင် ယင်းမာပင် ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း၂ က စစ်တပ် စစ်ကြောင်းကို လိုက်လံ ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ စစ်တပ် ပစ်သတ်ခဲ့သည့် ကိုအောင်ဇော်သိန်း ရုပ်အလောင်းကို ယင်းမာပင် ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း၂ က ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ခင်ဦးမြို့နယ် မြို့သစ်ရွာသား ဦးမြင့်စိုးကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၄ ရက်နေ့တွင် ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းစဉ် ပစ်သတ်ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြာရေး အဖွဲ့ထံမှ သိရသည်။

ခင်ဦးမြို့နယ်အတွင်းရှိ ရွှေယမင်းရွာနှင့် သိမ်တော်ရွာတို့ကိုလည်း စစ်တပ်က ဝင်ရောက် စီးနင်းနေကာ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း၊ သိမ်တော်ရွာကို လည်းမီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

ယနေ့ နံနက် ၈နာရီခန့်တွင် ရွှေယမင်းရွာကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး မွန်းလွဲ ၁၁နာရီ ၅ဝ မိနစ်တွင်မူ သိမ်တော်ရွာ တစ်ရွာလုံးကို စစ်တပ်က မီးတင်ရှို့နေကြောင်း း နယ်မြေခံ သတင်းရင်းမြစ်များက ပြောဆိုသည်။

” မြို့သစ်ရွာကိုတော့ မနေ့က အကြမ်းဖက် စစ်တပ် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ အသက် ၆ဝ အရွယ် ဦးမြင့်စိုးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တာ စစ်တပ်က ဒီနေ့လည်း ရွှေယမင်းရွာနဲ့ သိမ်တော်ရွာက ပြည်သူပိုင် နေအိမ် တွေကို မီးရှို့နေတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်တပ်က မြို့သစ်ရွာကို ဝင်ရောက် စီးနင်းစဉ် မြို့သစ်ကျေးရွာမှ ဘုန်းကြီး ဦးဉာဏ်ဏောဘာသနှင့် ဒေသခံ ပြည်သူ ၂ ဦးဖြစ်သည့် ဦးသန်းညွန့်စိန်နှင့် ကိုဂျက်ကီတို့ကိုလည်း ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂ဝ ခန့်မှ ဒေသခံပြည်သူ အများအပြားဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article