မယ်ရီလန်း၊ မေ ၁၅
အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့တပ်ဖွဲ့တွေအကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ရေးပြဌာန်းချက်များကို ပြည်သူ့တပ်ဖွဲ့တွေဘက်က အတတ်နိုင်ဆုံးလိုက်နာရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောကြားသည်။
“military content ကို မြေပြင်မှာလိုက်နာဖို့လိုပါတယ်။ မြေပြင်မှာ ထိန်းရသိမ်းရခက်တာမျိုး ရှိနိုင်တယ်။ နိုင်ငံတကာမှာလည်း ဒါကိုရှင်းပြခဲ့တယ်”ဟု ၄င်းက ဆိုသည်။
ငြိမ်းချမ်းစွာအဖြေရှာရေးသည် တချိန်ချိန်တွင်ရောက်လာလိမ့်မည်ဖြစ်ပြီး လက်ရှိတွင် စစ်ရေးဖြင့် ပြည်သူများကို အနိုင်ကျင့်သတ်ဖြတ်နေမှုကို ခုခံတော်လှန်စစ်ပွဲများ ဆင်နွှဲ၍ တွန်းလှန်တိုက်ခိုက်နေရကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုသည်။
“စစ်တပ်ရဲ့အကြမ်းဖက်မှုကို ဖြစ်နိင်တဲ့နည်းပေါင်းစုံနဲ့ရပ်တန့်မှာဖြစ်တယ်”ဟု ၄င်းက ပြောဆိုသည်။
မြန်မာပြည်ဖွားမိသားစုများနှင့် အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ် Savageရှိ Bethel Christian Academy တွင် ယနေ့(မေလ၁၅ရက်) တွေ့ဆုံစဥ် ၄င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မျက်စိကြီးနားကြီး ကမ္ဘာ့ခေါင်းဆောင်တွေလည်း လက်ရှိအခြေအနေကို သိကြတယ်”ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောကြားသည်။
NUG နိုင်ငံရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ကျင်းပသော အမေရိကန်-အာဆီယံအစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်ပြီး အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့နှင့် သီးသန့်တွေ့ဆုံကာ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်နေမှုကို ဆွေးနွေးခဲ့သည်။