ရန်ကုန်၊ မေ ၁၇
မန္တလေးမှ ဆန်တက်လာသော နှစ်ထပ် စစ်သင်္ဘော ၃ စီးအနက်မှ ၁ စီးမှာ ရှော့ခ်တိုက်ဒုံးထိမှန်ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှ သိရှိရသည်။
မေလ ၁၄ ရက်နေ့ မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာသော စစ်အင်အား ၃၀၀ ခန့်ပါ နှစ်ထပ်စစ်သင်္ဘော ၃ စီးကို မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ကန့်ဘလူခရိုင်တပ်ရင်း ၃ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှော့ခ်တိုက်ဒုံးဖြင့်ပစ်ခတ်ရာ နှစ်ထပ်စစ်သင်္ဘော ၁ စီးထိမှန်ကြောင်း၊ စစ်သား ၁၀ ဦးသေဆုံးနိုင်ပြီး ၄၀ ခန့်ဒဏ်ရာရရှိနိုင်ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။
သင်္ဘောကို ရှော့ခ်တိုက်ဒုံးထိမှန်ပြီးနောက် ကမ်းဘေးကပ်ကာ ကမ်းနံဘေးရှိ ပြည်သူများနေအိမ်များကို ဖျက်ဆီးခြင်း၊ ကုန်းကြောင်းမှ စစ်ကူများလာရောက်ကာ ကျေးရွာများနှင့် စက်လှေများကို မီးရှို့ခြင်းများ လုပ်ဆောင်ကြောင်း ၊ဧရာ၀တီ မြစ်အနောက်ဘက်ကမ်း၊ သပိတ်ကျင်းမြို့နယ် အိမ်ခြေ၇၀ခန့်ရှိ ခရမ်းစပ်ကုန်းရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့သွားပြီး စက်လှေများကိုပါ မီးရှို့သွားကြောင်း သိရှိရသည်။
“သပိတ်ကျင်းမြို့နယ် ပုတီးဖြူကျေးရွာနဲ့ ငလျှင်ပြို ကျေးရွာကြားမှာတိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီက စစ်သင်္ဘောပုံစံလုပ်ထားတဲ့ နှစ်ထပ်ရေယာဉ် ၃ စီးနဲ့လာပစ်တာ။ နောက်ဆုံးစစ်သင်္ဘောအထိနာသွားလို့ ကုန်လမ်းကစစ်ကူထပ်ရောက်တယ်။ အခု ပုတီးဖြူရွာ ဘုရားကုန်းမှာ စစ်ကောင်စီတပ်စွဲထားတယ်။ တွင်းငယ် ကြာညှပ်ဘက်လမ်းကလာတာပါ။ ဒုံးထိသွားတဲ့ နှစ်ထပ်စစ်သင်္ဘောက အထိ နာသွားလို့ ငလျှင်ပြိုမှာ ကမ်းဆိုက်ထားတယ်” ဟု ဒေသကာကွယ် ရေး တပ်ရဲဘော်တစ်ဦးက ပြောသည်။
မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ သင်္ဘော ၃ စီးဖြင့် စစ်တပ်အင်အား ၃၀၀ ဝန်းကျင် ဧရာ၀တီမြစ်အထက်ပိုင်းသို့ မေလ ၁၄ ရက်နေ့ မွန်းလွဲ၂ နာရီအချိန်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပြည်သူ၊ ပုံညာ၊ ပြဒါးရှင် အမည်ရှိသော နှစ်ထပ် သင်္ဘော ၃ စီးဖြင့် ရိက္ခာ လက်နက်ခဲယမ်းများ သယ်ဆောင်သွားကြောင်း၊ နှစ်ထပ်သင်္ဘော ၁ စီးလျှင် စစ်သား အင်အား ၁၀၀ ဝန်းကျင်ဖြင့် သင်္ဘော ၃ စီး စစ်အင်အား ၃၀၀ ပါဝင်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- မေလ ၁၄ ရက်နေ့ မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာသွားသော နှစ်ထပ်စစ်သင်္ဘော ၃ စီး။