ရန်ကုန်၊ မေ ၁၉
အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ထမ်းများကို အသက် ၆၂ နှစ်ပြည့်မှ အငြိမ်းစားယူခွင့် ပြုမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် အသက် ၆၀ ပြည့် ဝန်ထမ်း ၂၈၄၁ ဦးကို အငြိမ်းစားယူခွင် မပေးဘဲ ပယ်ဖျက်ကာ ဆက်လက် အလုပ်လုပ်ရန် အမိန့်ထုတ်လိုက်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင်က အမိန့်ကြေညာစာအမှတ် ၁၆/၂၀၂၂ ဖြင့် ဝန်ထမ်းများ၏ အငြိမ်းစားယူရန် အသက် သတ်မှတ်ချက်ကို အသက် ၆၂ နှစ် ထိတိုးမြှင်ခဲ့ကြောင်း၊ ယင်းသတ်မှတ်ချက်ကြောင့် အသက် ၆၀ ပြည့် ဝန်ထမ်း ၃၀၀၀ နီးပါးကို အငြိမ်းစားယူခါနီး ဖြစ်သော်လည်း ပယ်ဖျက်ပြီး ဆက်လက် တာဝန်ထမ်းဆောင်ခိုင်းခြင်းဖြစ်သည်ဟု သိရှိရသည်။
အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့်ခံစားနေသော ဝန်ထမ်း ၂၆၀၇ ဦးနှင့် ရွှေ့ဆိုင်းခွင့် (Deferred Leave) ခံစားနေသော ၂၃၄ ဦးတို့ကို အငြိမ်းစားမပေးဘဲ ဝန်ထမ်း ၂၈၄၁ ဦးကို ဆက် အလုပ်လုပ်ရန် အမိန့်ထုတ်ခြင်းဖြစ်သည်ဟု သိရှိရသည်။
မင်းအောင်လှိုင်ကိုယ်တိုင်မှာ အသက် ၆၅ နှစ်ကျော်လွန်နေပြီဖြစ်သော်လည်း မူလ အငြိမ်းစားယူရမည်ဆိုသော သတ်မှတ်ချက်ကို ပယ်ဖျက်ကာ နိုင်ငံတော်အာဏာကို လက်နက်ကိုင် လမ်းစဉ်ဖြင့် ပြည်သူလူတင်မြှောက်ထားသော အစိုးရထံမှ လုယူ အာာသိမ်း မျက်နှာပြောင်တိုက် ရာထူးရယူ ထားသည်ဟု ဝန်ထမ်းအသိုင်းအ၀ိုင်းက ဆိုကြသည်။
ဓာတ်ပုံ- နေပြည်တော်မှ ဝန်ထမ်းများ၏ ရုံးတက်ရုံးဆင်းမြင်ကွင်း။
Photo- Duwun