ရန်ကုန်၊ မေ ၂၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၄၃ မှ ဗျူဟာမှူး ဗိုလ်မှူးကြီးဝေလင်းအောင် က တပ်တွင်းနှင့်ဝန်ထမ်းများကို ဖိနှိပ်မှုများလုပ်ဆောင်နေပြီး လာဘ်ပေးလာဘ်ယူများရှိနေ၍ တိုင်ကြားခံရသော် လည်း အရေးယူမခံရကြောင်း တပ်နှင့်ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောသည်။
ဗိုလ်မှူးကြီးဝေလင်းအောင်က ခမရ ၅၄၃ သို့ ဗျူဟာမှူးအဖြစ်ပြောင်းရွေ့မလာမီ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် (ရတခ)တွင် ဗျူဟာမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ တပ်ပြေးစာရင်းများ ဖျောက်၍ တပ်ရင်းမှူးများနှင့်ပေါင်းကာ လစာငွေများ ကိုယ်ကျိုးသုံးစွဲခဲ့သဖြင့် တိုင်ကြားခံရသော်လည်း အရေးယူခံရခြင်းမရှိဘဲ ကျောက်ဖြူမြို့နယ် ခမရ ၅၄၃ သို့ မူလ ဗျူဟာမှူးရာထူးဖြင့်ပင် ပြောင်းရွှေ့ခွင့်ရရှိကြောင်း သိရှိရသည်။
“သူ့ကို အတိုင်ခံရပေမယ့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ဟောင်း) ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ၏PSO အဖြစ်တစ်ချိန်က တာဝန်ယူခဲ့ဖူးသူဖြစ်တာ။ အကပ်ကောင်းတာတွေကြောင့် ဘာမှမဖြစ်ဘဲနဲ့ ကျောက်ဖြူ ခမရ ၅၄၃ ကို ရောက်လာတယ်။ သူက ကျောက်ဖြူဇာတိ ကျောက်ဖြူသား။ ” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။
ကျောက်ဖြူ ခမရ ၅၄၃ တွင် ဝေလင်းအောင်သည် တပ်တွင်း ဖိနှိပ်မှုများနှင့်ကန့် သတ်မှုများလုပ်ဆောင်ခြင်း၊ အရပ်ဘက် ဝန်ထမ်းများကို ဖိနှိပ်ခိုင်းစေခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“တပ်ထဲမှာလည်း မလိုအပ်ဘဲ စည်းကမ်းအမိန့်တွေထုတ်တယ်။ တပ်ပြင်ကို ဘယ်သူမှ ပေးမထွက်တာ၊ သူလုပ်ချင်တာ ဖြစ်ချင်တာ သူ့ကိုယ်ရေးကိုယ်တာကအစ အကုန် လုပ်ခိုင်းတယ်။ အောက်လက်ငယ်သား ဘာဖြစ်ဖြစ်။ နောက်တစ်ခါ အရပ်ဘက် ဝန်ထမ်းတွေက ဒီဘက်မှာ AA ရဲ့ ဩဇာက ကြီးတော့ စစ် တပ်နဲ့ ရောရောယှက်ယှက်မလုပ်ချင်တာကို ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်တပ်က အစည်းအဝေးပွဲတိုင်းကို တက်ခိုင်းတယ်။ မလိုအပ်တာတွေ ခိုင်းတယ်။ အရပ်ဘက်နဲ့ မဆိုင်တာတွေမှာ ဝန်ထမ်းတွေခေါ်ခိုင်းတယ်။ အဲဒီလိုဖြစ်နေတယ်” ဟု ကျောက်ဖြူဌာနဆိုင်ရာဝန်ထမ်းက ပြောသည်။
ဗျူဟာမှူးဝေလင်းအောင်က တပ်တွင်းနှင့် ဝန်ထမ်းများကို ဖိနှိပ်မှုများ လုပ် ဆောင်သော်လည်း ကိုယ်တိုင်ကမူ AA ကို ကြောက်လန့်၍ လုံခြုံရေး အပြည့်ဖြင့် နေထိုင်သည့်အပြင် သူ့ယောက္ခမများကိုလည်း တပ်ပြင်ပတွင် မထားတော့ဘဲ တပ်တွင်း ခေါ်ယူထားကြောင်း သိရှိရသည်။
“သူ့ယောက္ခမက အထက်တန်းပြငြိမ်း၊ သူ့ယောက္ခထီးက ဒုတိယဗိုလ်မှူးကြီး အငြိမ်းစား။ ရခိုင်ပဲ။ မဆလခေတ်မှာ မြို့နယ် မြို့နယ်လုပ်ငန်းစစ်ဆေးရေးဥက္ကဌလုပ်ခဲ့သူ ။ သူကိုယ်တိုင်က သူများတွေကို ဖိနှိပ်ပေမယ့် သူ့မိဘကျတော့ စိတ်မချတော့ အပြင်မှာ မနေခိုင်းဘဲ တပ်ထဲ ခေါ်ထားတယ်။ ဒီဘက်မှာကလည်း စစ်တပ်နဲ့ဆက်နွယ်သူတွေကို AA က လိုအပ်လိုစစ်ဆေးမေးမြန်နေတော့ သူ့မိဘတွေကို အပြင်မှာ မထားဘူး။ သူနဲ့အတူ တပ်ထဲ ခေါ်ထားတယ်။ သူ့ကျတော့ လုံခြုံရေးအပြည့်နဲ့သွားတယ်။ လာတယ်။” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် ဗျူဟာမှူး ဝေလင်းအောင်သည် ကျောက်ဖြူတွင် လုံခြုံရေး တာဝန်အဓိက ယူထားပြီး ပျူစောထီး(ပြည်သူ့စစ်) ကဲ့သို့သော အဖွဲ့များ ထူထောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဗျူဟာမှူး ဝေလင်းအောင်နှင့်ဇနီး။