ရန်ကုန်၊ မေ ၂၀
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အုတ်ကျင်းမှတ်တိုင်နှင့် ဘုရားလမ်းမှတ်တိုင်အကြား စစ်တပ်ချည်မျှင်နှင့်အထည်စက်ရုံဘေးရှိ လျှပ်စစ်ဓာတ်အားခွဲရုံကို ယနေ့ နံနက် ၉ နာရီကျော်အချိန်တွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“စစ်တပ်ချည်မျှင်ဘေးက လျှပ်စစ်ဓာတ်အားခွဲရုံကို ဗုံးပစ်တာပါ။ သေနတ်နဲ့ ကြောက်အားလန့်အား ၃ ချက် စစ်တပ်က ပစ်တယ်။ အခု စစ်ကားတွေရော ရဲကားတွေရောက်ပြီး လမ်းပိတ်စစ်နေတယ်။ အင်းစိန်ဘက်သွားတဲ့အခြမ်းကို ပိတ်ထားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းနောက် ဗုံးထပ်မံ ရှာဖွေရှင်းလင်းရန်အတွက် ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်- အင်းစိန်လမ်းမ ၊ ပါရမီ မီးပွိုင့်၊ စစ်တပ်ချည်မျှင်အထည်ချုပ်စက်ရုံရှေ့တွင် အင်အား အများအပြားချထားပြီး လမ်းတစ်ခြမ်းလုံးကို ဆက်လက်ပိတ်ဆို့ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယခုနံနက် ၁၁ နာရီဝန်းကျင် ရန်ကုန်-အင်းစိန်လမ်း (အင်းစိန်ဘက်ခြမ်း) ကို ပါရမီမီးပွိုင့်လမ်းဆုံ အနီး ပိတ်ဆို့ထားစဉ်။