ရန်ကုန်၊ မေ ၂၁
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် နတ်တလင်းမြို့ ပြည်သူ့ကာာကွယ်ရေးတပ်ဖွဲ့ကြား မေလ ၁၃ ရက်နှင့် ၂၀ ရက်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း MRF Nattalin အဖွဲ့က သတင်းထုတ်ပြန်သည်။
မေလ ၁၃ ရက်နေ့ နံနက် ၈ နာရီတွင် နတ်တလင်းမြို့နယ်၊ ကွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို MRF တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း MRF က ဆိုသည်။
မေလ ၂၀ ရက် ညနေတွင် စစ်သား ၁၃ ဦးဖြင့် စစ်ကြောင်းထိုးလာသော အဖွဲ့ကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း တိုက်ခိုက်မှု ၂ ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု MRF Nattalin အဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘ၊ ရှမ်းတောရွာများကို မီးရှို့ဖျက်ဆီးပြီး စုန်ဆင်းလာသော စစ်တပ် မော်တော် ၆ စီးကို မေလ ၂၀ ရက်နေ့ နံနက် ၉နာရီ ၃စ မိနစ်၌ မင်းကင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ် တပ်ရင်း ၃ မှ ရေမြှုပ်မိုင်းများ ၊ လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကာ စစ်တပ်ဘက်မှ စနိုက်ပါ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု ဖြစ်စဥ်အတွင်း စစ်တပ် မော်တော် ၁ စီး ၀မ်းပေါက်သွားပြီး စနိုက်ပါ ၂ ဦးမှာလည်း မင်းကင်း တပ်ရင်း ၃ မှ ရဲဘော်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၃ မှ ထုတ်ပြန်ထားသည်။
ထို့ပြင် မေလ ၈ရက်နေ့ကလည်း အထက်စသာကျေးရွာအနီး စစ်တပ်၊ ပျူစောထီးများနှင့် မင်းကင်း ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး ၂ ဦးနှင့် စစ်သား ၁ ဦး သေဆုံးခဲ့ကာ ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးတွင် အကြမ်း ဖက်စစ်ကောင်စီယာဉ်တန်းကို ယနေ့ မေလ ၂၁ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကား ၁ စီး လမ်းဘေးထိုးကျသွားပြီး စစ်သား သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း သတင်းရရှိသည်။
စစ်တောင်းတံတားဘက်မှ ကျိုက်ထိုမြို့ဘက်သို့ ထွက်ခွာလာသော စစ်ယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား သေဆုံးထိခိုက်မှုကို မသိရှိနိုင်သေးပေ။
ယနေ့ မေလ ၂၁ ရက်နေ့တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဖြတ်သန်းသွားသော စစ်ကား အစီးရေ ၃၀ ခန့်ရှိပြီး တခေါက်လျှင် စစ်ကား ၃ စီးဖြင့် အသုတ်လိုက် ဖြတ်သန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်ကူများ ရောက်ရှိလာကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းတခုကို တွေ့ရစဉ်။(ပုံအဟောင်းဖြစ်သည်)
Photo – Reuters