ရန်ကုန်၊ မေ ၂၁
စစ်ကိုင်းတိုင်း ကသာမြို့နယ်သို့ စစ်ကြောင်းထိုးနေသော ခမရ ၄၁၆ နှင့် ခမရ ၃၈၅ မှ တပ်သား ၅ ဦးသည် မေလ ၁၆ ရက်နှင့် ၁၉ ရက်နေ့တို့တွင် ကသာမြို့နယ် ပြည်သူ့ကာကွယ် အဖွဲ့ထံ ရောက်ရှိလာကာ CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။
မေလ ၁၆ ရက်နေ့တွင် ကသာမြို့နယ်သို့ စစ်ကြောင်းလှည့်နေသော ခမရ ၄၁၆ တပ်မှ တပ်သား ၄ ဦးနှင့် မေလ ၁၉ ရက်နေ့တွင် ခမရ ၃၈၅ တပ်မှ တပ်သား ၁ ဦးတို့ ထွက်ပြေး လွတ်မြောက်လာကြပြီး CDM သူရဲကောင်းများအဖြစ် ကသာမြို့နယ် ပြည်သူ့ရင်ခွင်ခိုလှုံရေးအဖွဲ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို လက်မခံတော့သည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များသည် စစ်တပ်ရှေ့တန်း စခန်းများမှ ထွက်ပြေးကြပြီး နီးစပ်ရာ ပြည်သူများမှတဆင့် ပြည်သူ့ရင်ခွင်သို့ဆက်သွယ်ကာ CDM လုပ်လာသော ရဲနှင့်စစ်သား CDM ဦးရေ ၆၁ ဦးထိရှိလာပြီး ၂၀၂၂ ခုနှစ်အတွင်း ဆက်တိုက် ဝင်ရောက်မှုနေကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ် အဖွဲ့က ထုတ်ပြန်ထားသည်။



