ရန်ကုန်၊ မေ ၂၃
ပြည်သူများထောက်ခံမှု ရှိနေသော စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF များ မဖိတ်ခေါ် သော အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင် အား လုံး မပါဝင်သည့်အတွက် အောင်မြင်မှု မရနိုင်ကြောင်း PSLF/ TNLA ဒုတိယဥက္ကဋ္ဌ ၁ ဗိုလ်ချုပ်တားဂျုတ်ဂျားက ပြောကြား လိုက်သည်။
PSLF/ TNLA ဒုတိယဥက္ကဋ္ဌ ၁ ဗိုလ်ချုပ်တားဂျုတ်ဂျားက TNLA ၏ တရားဝင် သတင်းထုတ်ပြန်ချက်တွင် အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
PSLF/ TNLA ဒုတိယဥက္ကဋ္ဌ ၁ ဗိုလ်ချုပ်တားဂျုတ်ဂျားက TNLA အနေဖြင့် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို အချက် ၃ချက်ဖြင့် ငြင်းပယ်ခြင်းဖြစ် ကြောင်း ပြောဆိုသည်။
“ကျနော်တို့ PSLF/ TNLA အနေနဲ့ ဘာကြောင့် မတက်တာလဲဆိုတာ သုံးချက်ပေါ်မူတည်တာပေါ့။ ပထမအချက်က FNCC တို့ အားလုံး တက်ရောက်နိုင်ခြင်းမရှိဘူး။ ဒါက ပထမအချက်။ ဒုတိယအချက်က အားလုံး ပါဝင်တက်ရောက်နိုင်ခြင်းမရှိဘူး။ အဲဒီ အားလုံးဆိုတဲ့နေရာမှာ EAOs လက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့အပါအဝင်ပေါ့။ လက်ရှိ ဒီစစ်ကောင်စီနဲ့ စင်ပြိုင်အစိုးရဖြစ်နေတဲ့ ကျနော်တို့ NUG လက်အောက်က PDF တွေလည်း ပါဝင်နိုင်ခြင်းလည်း မရှိဘူး။ အားလုံးပါဝင်တက်ရောက်နိုင်ခြင်း မရှိဘူး ။ ဒါ ဆိုလိုတာပါ။နောက် တတိယအချက်အနေနဲ့ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဖော်ဆောင်နိုင်ဘူးလို့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဒီမိုကရေစီ အစိုးရ ဦးသိန်းစိန်လက်ထက်ရော၊ NLD အစိုးရ လက်ထက်ရော အစိုးရ နှစ်ဆက်တောင်မှ ဗမာပြည်မှာ တည်ငြိမ်တယ်လို့ ယူဆတဲ့ အချိန်အခါတောင်မှ ဒီစစ်မှန်တဲ့ ငြိမ်းချမ်းရေးမဖော်ဆောင်နိုင်ခဲ့ဘူး။ ဒီလိုအချိန်မျိုး ဗမာပြည် ဒီလောက်ရှုတ်ထွေးတဲ့ အခါသမယမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဖော်ဆောင်နိုင်ဘူး ၊ မဆွေးနွေးနိုင်ဘူးဆိုတာ ယုံကြည်လို့ ကျွန်တော်တို့ မတက်ခြင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။
PDF များမပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အောင်မြင်မှု မရနိုင်ကြောင်း ၎င်းက ထပ်မံ အတည်ပြုပြောဆိုသည်။
” ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းတဲ့နောက်မှာ ဗမာပြည်မှာ ထင်ထားတာထက် ဒီစစ်အစိုးရကို ဒီ စစ်အစိုးရကို တိုင်းရင်းသားတွေတော့ မပြောတော့ဘူး။ ဗမာတိုင်းရင်းသားတွေက ဒီစစ်အစိုးရအပေါ် တော်တော်လေး မုန်း တီးခဲ့တယ်။ တော်တော်လေး ခါးခါးသီးဖြစ်တယ်။ အဲဒီအပေါ် ကျွန်တော်တို့ NUG တို့ CRPH တို့ ၊ ကျွန်တော်တို့ PDF တို့ စသည်ဖြင့် အများဆုံး ဗမာပြည်မှာ ပေါ်ခဲ့တယ်။ အဲတော့ ဒီပြဿနာ သေးတာ မဟုတ်ဘူး။ တစ်တိုင်းပြည်လုံးချီပြီးတော့ ကိစ္စဆိုတော့ ဒီနိုင်ငံရေးပြဿနာဖြစ်တဲ့ ဒီ အာဏာသိမ်းတဲ့ ကိစ္စ၊ ဒီ ဒီမိုကရေစီ ပြည်သူရွေးကောက်တဲ့ အစိုးရကို နှိပ်ကွပ်ပြီးတော့ သူတို့ ထင်တိုင်းလုပ်တတ်တဲ့ ကိစ္စကို စစ်အစိုးရခေါ်တဲ့ ငြိမ်းချမ်းရေ;က ဘယ်လိုမှ ငြိမ်းချမ်းရေး တကယ် ဖြစ်မလာဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိ မင်းအောင်လှိုင်နှင့်ဆွေးနွေးနေသည့် အဖွဲ့များတွင်လည်း အင်အား မရှိသည့် အဖွဲ့များ ပါနေပြီး ၁၀ ဖွဲ့တည်းဖြင့် မြန်မာပြည်ငြိမ်းချမ်းရေး မဖြစ်နိုင်ဟုဆိုသည်။
” EAOs တွေကို ခုန ကျွန်တော် ပြောတယ်။ ၂၁ ဖွဲ့ရှိတယ်။ အင်အားကြီးတဲ့ အဖွဲ့တွေလည်း အများကြီး ပါနေတယ်။ သူတို့ ဖိတ်တဲ့အထဲမှာ သူတို့ သွားတဲ့ဟာ။ အခု သွားတဲ့ ၁၀ ဖွဲ့က သူတို့ အခြေနဲ့ သူတို့ ကြည့်ပြီးတော့ သွားကြတာပေါ့။ ဥပမာ တချို့တွေက ဘာမှ အင်အားမရှိဘူး။ လားဟူတို့ ၊ ပြီးတော့ KNU ထဲက ခွဲထွက်နေတဲ့ အဖွဲ့အစည်းတွေကလည်း အများကြီးရှိတယ်။ သူတို့ ဒီ ၁၀ ဖွဲ့ တည်းနဲ့တော့ ကျွန်တော်တို့ ဗမာပြည်မှာတော့ ဘယ်လိုမှ ငြိမ်းချမ်းရေး ပြည် တွင်းစစ် တကယ် ငြိမ်းနိုင်မှာ မဟုတ်ဘူး” ဟု PSLF/ TNLA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျားက ရှင်းပြသည်။
မြန်မာနိုင်ငံသည် ဆင်းရဲတွင်း နက်ပြီး ဒုက္ခကြုံနေရခြင်းမှာ မြန်မာစစ်တပ်၏ အာဏာသိမ်းမှု အမှားများကြောင့် ဖြစ်ကြောင်း၊ မြန်မာပြည်သူနှင့် မြန်မာစစ်တပ်သည် ရန်၊ ငါစည်းခြားသွားပြီဖြစ်ကြောင်း ပြောဆိုသည်။
“မြန်မာစစ်တပ်တွေ ကျွန်တော် မြင်တာ သုံးကြိမ် သုံးခါ အကြီးအကျယ်မှားခဲ့တယ်။ မှားတဲ့အတွက်ကြောင့် ဗမာပြည်မှာ ဆင်းရဲတွင်းထဲနက်နေတယ်။ ပြည် တွင်းစစ်လည်း တဝဲလည်လည်ဖြစ်နေတယ်။ ငြိမ်းချမ်းရေး အခုထက်ထိ ၂၀၁၁ ရောက်တဲ့ အထိ ဘာတစ်ခုမှ တိုးတက်ဖွံ့ဖြိုးမှု မလုပ်နိုင်ဘူး ။ ဒေသဖွံ့ဖြိုးရေးက အစ ပြည်တွင်း ငြိမ်းချမ်းရေးအဆုံး။ ကျွန်တော်တို့ မျှော်မှန်းနေတဲ့ ပင်လုံညီလာခံ။ ၁၉၄၇ ချုပ်ဆိုတဲ့ ပင်လုံစာချုပ် ကတိကဝတ် တစ်ခုမှ မဖော်ခဲ့ဘူး။ သူတို့ ဘာမှားခဲ့လဲဆိုတော့ ၁၉၆၂ အာဏာသိမ်းတုန်းကလည်း တစ်ချက် လုံးဝ မှားတယ်။ ၁၉၉၀ ရွေး ကောက်ပွဲ အနိုင်ရ ပါတီကို အာဏာမလွှဲပေးဘူး။ ဒါ ဒုတိယ အချက်မှားတယ်။ နောက် တတိယ အချက် ၂၀၂၀ ရွေးကောက်ပွဲ NLD အပြည့်အဝ ပြန်နိုင်တယ်။ ဒါကို အသိအမှတ် မပြုဘူး။ ၁ ရက်နေ့က အာဏာ သိမ်းလိုက်တာ ဒါ တတိယ လုံးဝ မှားတယ်။ ဒီလို သုံးချက် မှားခဲ့လို့ ဗမာပြည် အခုထက်ထိ ပြင်ဖို့ ဆင်ဖို့ ငြိမ်းချမ်းရေးရဖို့ အတော်လေး ခဲယဉ်းတယ်။ အခု ဗမာ စစ်တပ်က ဗမာလူထုနေတဲ့ နေတဲ့ နေရာတွေကို ဗုံးကျဲ မီးရှို့ သတ်ဖြတ်တဲ့ အထိဖြစ်တဲ့ အဆင့်ကို အရင်တုန်း ကျွန်တော်တို့ တိုင်းရင်းသားမှာပဲ ဖြစ်တဲ့ ကိစ္စကို အခု သူတို့ ဗမာ ဒေသ အညာဒေသ စစ်ကိုင်း မကွေး တောက် လျှောက် ဖြစ်သလို ပြည်တွင်း မြို့ထဲမှာလည်း နေရာမရှောင်ဘူး မီးရှို့တယ်။ ပစ်တယ်။ စသဖြင့်ပေါ့ ။ ဒီလိုလုပ်တဲ့အခါကျတော့ ဗမာလူထုနဲ့ ဗမာစစ်တပ်တွေ ရန် ငါ စည်းအနေနဲ့ လုံးဝ ရန်သူ သဖွယ်ဖြစ်တဲ့ အဆင့်ကို ရောက်သွားတယ်လို့ မြင်တယ်။ ဒါက မြန်မာပြည်အတွက် သိပ်မကောင်းဘူး” ဟု ၎င်းက ပြောဆိုသည်။