ရန်ကုန်၊ မေ ၂၅
ရန်ကုန်တွင် ဗကသ အဖွဲ့ချုပ် ကျောင်းသားများ ဦးဆောင်ကာ ယနေ့ မေလ ၂၅ ရက်နေ့တွင် ရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်း ၃ လပြည့် အထိမ်းအမှတ်အဖြစ် မရမ်းကုန်းမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ “ရဲဘော်ညီမင်းသူစိတ်ဓာတ် ကိုင်စွဲ တိုက်ပွဲဝင်ကြ” စာတန်း ကိုင်ဆောင်ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်ဝင်သမဂ္ဂများဖြစ်သော မရမ်းကုန်း မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ ရန်ကုန် အဝေးသင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ စမ်းချောင်းမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ မင်္ဂလာဒုံမြို့နယ် ကျောင်းသားများ သမဂ္ဂ(ဗကသများ အဖွဲ့ချုပ်) တို့နှင့် မဟာမိတ် အဖွဲ့အစည်း များဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဗကသ ရဲဘော် ကိုညီမင်းသူသည် မရမ်းကုန်းမြို့နယ်၌ ၂၀၂၂ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင်ကို တွန်းလှန်ရင်း ဖက်ဆစ် စစ်တပ်၏ လူမဆန်စွာပစ်သတ်ခြင်းခံခဲ့ရသော ဗကသရဲဘော် တစ်ဦးဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။



