ရန်ကုန်၊ မေ ၂၆
ရှမ်းပြည်နယ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အထူးဒေသ ၆ ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က တစ်အိမ် ၃ သောင်းကျပ်နှင့် ဆန် ၅ ပြည် တောင်းခံနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ထိုသို့ တောင်းခံခြင်းသည် PNO ပြည်သူ့စစ်အဖွဲ့က မေလ ဒုတိယ အပတ်မှ စတင်ကာ ကျေးရွာလူကြီးများထံ စာထုတ်ပြန်ကာ အသိပေးပြီး လိုက်လံ ကောက်ခံခိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။
” ပထမကြားတုန်းက ပြည်သူတွေက မယုံကြဘူး။ ဒါပေမယ့် အခုရွာတချို့မှာ ကျေးရွာ လူကြီးတွေက ပြည်သူတွေကို အစည်းအဝေး ခေါ်ပြီး တရားဝင် ပြောနေပြီး ရွာအကုန်လုံးတော့ မရောက်သေးဘူး။ သူတို့က အထူးဒေသ ၆ မှာရှိတဲ့ ရွာတွေ အကုန်လုံးကို လုပ်မှာလို့တော့ သိရတယ်။ ပိုက်ဆံ ၃သောင်းက ကျည်ဖိုးအတွက်လို့ ပြောတယ်။ ဆန် ၅ ပြည်ကတော့ PNO လက်နက်ကိုင်တွေ ရှေ့တန်းထွက်ရင် ရိက္ခာလို့ပြောတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
ကျေးရွာအတွင်းရှိ အသက် ၁၈နှစ်နှင့် ၃၅နှစ်အရွယ် လူငယ်များကို စစ်သင်တန်း တက်ရောက်ရန် စာရင်းကောက်ခံနေပြီး အသက် ၃၅ နှစ် အထက်ရှိ သူများကို သိုင်းမဖြစ်မနေ သင်ရမည်ဟုလည်း ရွာလူကြီးများက ပြည်သူများကို ပြောဆိုထားကြောင်း သိရသည်။
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အစပ်ရှိ ကျေးရွာများကိုလည်း PNO ပြည်သူ့စစ်အဖွဲ့က ကယားပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများကို လက်ခံမထားရန် လိုက်လံပြောဆိုနေပြီး လက်ခံထားသူများအား အရေးယူဆောင်ရွက်သွားမည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။