ရန်ကုန် ၊ မေ ၂၆
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ရွာသာကျေးရွာသား ကိုချစ်သိန်းဇော်နှင့် ကိုကျော်ငြိမ်းတို့ကို ဓားစာခံအဖြစ် စစ်တပ်က ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
မေလ ၂၅ ရက်နေ့တွင် ဆားလင်းကြီးရှိ ဒုန်းတောကျေးရွာနှင့် ရွာသာရွာမှ ဒေသခံ လေးဦးကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပြီး ကံကုန်းကျေးရွာအနောက်ဘက်မှာ တစ်ဦး၊ ကံကုန်းသုသာန်နားမှာ တစ်ဦး စုစုပေါင်း နှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများ ထံမှ သိရှိရသည်။
” စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေက ဆားလင်းကြီးမြို့နယ် ရွာသာရွာက အမျိုးသားနှစ်ယောက်ကို ဓားစာခံ အဖြစ် ခေါ်သွားပြီး ကံကုန်းကျေးရွာ သုသာန်အနီးမှာ သတ်ဖြတ်ထားခဲ့တယ်။ ညဖက်ကြီးဆိုတော့ အလောင်းတောင် သွားမကောက်နိုင်သေးဘူး။ စစ်ခွေးတွေ သတ်ဖြတ်ခဲ့တဲ့ သူက ကိုချစ်သိန်းဇော်နဲ့ ကိုကျော်ငြိမ်းလို့တော့ သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
မေလ ၂၅ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်က ကြေးနီမိုင်း ယန်စီကုမ္ပဏီတွင် ဝင်ရောက်စခန်းချပြီး ဝါးတန်းကျေးရွာကို သေနတ်သံ လက်နက်ကြီးသံများ အချက်ပေါင်းများစွာ ပစ်ခတ်ခြောက်လှန့်ကြောင်း၊ယနေ့ မေ ၂၆ ရက်နေ့ နံနက် အစောပိုင်းတွင် ယန်စီကုမ္ပဏီအနီးနားရှိ ဝါးတန်းကျေးရွာ ကားလမ်းမဘေးရှိ စျေးဆိုင်တန်းများ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် ယင်းမာပင်ဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးချီတက်နေပြီး အင်ကြင်းတောင် လုံခြုံရေးစခန်းတွင် ယာယီ ရပ်နားမည်ဟု သိရှိရကြောင်း ဒေသခံများ ထံမှ သိရှိရသည်။