29 C
Yangon

ကရင်နီပြည်ရဲဌာနတွင် ထိန်းသိမ်းခံရစဉ် ကျေးရွာများအတွင်း လိုက်လံဆေးကုသပေးကာ ပြည်သူများ၏ လိုအပ်ချက်ကို ပိုမိုသိမြင်လာကြောင်း လွတ်မြောက်လာသည့် ဒေါက်တာရဲလင်းစိုး ပြော

Must read

ရန်ကုန်၊ မေ ၂၆

စစ်ကောင်စီနှင့် အဆက်စပ်ရှိပြီး CDM မလုပ်ခဲ့ခြင်းကြောင့် ကရင်နီပြည်ရဲဌနာက ဖမ်ဆီးခဲ့သည့် ဒေါက်တာရဲလင်းစိုးက ထိန်းသိမ်းခံရစဉ်အတွင်း ရပ်ရွာများအတွင်း လိုက်လံကာ ဆေးကုသခွင့်ရခဲ့ခြင်းကြောင့် ပြည်သူများ၏ လိုအပ်ချက်ကို ပိုမိုသိမြင်လာပြီး လွတ်မြောက်လာပြီးနောက်ပိုင်း ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းသွားမည်ဟု ပြောသည်။

“ကျနော် CDM မလုပ်ခဲ့လို့ ဒီမှာ အထိန်းသိမ်းခံရတယ်၊ စိတ်ထဲမှာတော့ အဲဒီတုန်းက ကျနော်က ဘာအပြစ်မှ မရှိဘူးလို့ တွေးခဲ့တာ။ ဒီမှာ သူတို့နဲ့ လေး၊ ငါးလ လောက် အတူနေလာတဲ့အချိန်မှာ ရပ်ရွာရဲ့ လိုအပ်ချက် ကျနော် ပိုသိလာပြီ၊ ကျနော်က ဆရာဝန်ဆိုတော့ ဆရာဝန်စိတ်နဲ့ တွေးရင် ဒီရွာတွေမှာ ကျနော့်ကို လိုအပ်တဲ့သူတွေ အများကြီးရှိတယ်။ အခု ဒီက ကျနော့်ကို လွတ်လပ်ခွင့်ပေးလိုက်ပြီဆိုတော့ ဒီ လိုအပ်နေတဲ့ ပြည်သူတွေကြားမှာ သူတို့ရဲ့ လိုအပ်ချက်တွေကို ကျနော် ဆက်ပြီး ဖြည့်ဆည်းပေးသွားမယ်၊ ဒီလိုပဲ ကျနော် တွေးပါတယ်” ဟု ဒေါက်တာရဲလင်းစိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒေါက်တာရဲလင်းစိုးသည် ၂၀၁၇ ခုနှစ်မှ စတင်ကာ ဖရူဆိုမြို့နယ်ဆေးရုံတွင် ဆေးကုသနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်မှုများရှိခြင်း CDM မလုပ်ခြင်းများကြောင့် ကရင်နီပြည်ရဲဌာနာက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

“၂၀၁၇ က စပြီး ဖရူဆိုမှာ တာဝန်ကျတယ်၊ အာဏာသိမ်းပြီးနောက်ပိုင်း အောက်တိုဘာလကစပြီး ရေ၊ မီး နေရေး စားရေး တော်တော်အဆင်မပြေဖြစ်လာပါတယ်၊ ဖြစ်လာတဲ့အတွက် ဒီဇင်ဘာလောက်မှာ ကျနော်တို့က ဖရူဆိုမြို့ကနေ ပြေးမယ်ဆိုပြီး တွေးပါတယ်၊ အနည်းဆုံးတော့ ပြည်နယ်ကို ပြန်တွဲမယ်ပေါ့။ ဒီဇင်ဘာ ၃၁ ရက်မှာ ကျနော် အဖမ်းခံရပါတယ်။ ဒီစစ်အာဏာသိမ်းပြီးတဲ့အချိန် ကျနော်တယောက်တည်း ဆေးရုံမှာ ကျန်ခဲ့တယ်။

ဆေးရုံမှာ ကျနော် ချိန်းထားတဲ့ လူနာတွေလည်း ကျန်နေတယ်ပေါ့၊ သူတို့ကို ငဲ့တယ်၊ နောက်ပြီးတော့ ကျနော့် မိသားစုပေါ့။ ကျနော်က ဆရာဝန်ဆိုတော့ ဆရာဝန်အလုပ်ပဲ လုပ်တတ်တယ်။ ပထမ တစ်လ နှစ်လမှာ CDM လုပ်တဲ့ ကျနော့် တပည့်တွေက နာမည်တွေပေါက်တယ်၊ အဖမ်းခံရတယ်ဆိုတော့ ဒီလူတွေကို ကျနော်က အကြီးပိုင်းဆိုတော့ ကျနော့်လူတွေကို ပြန်ထုတ်ပေးဖို့ ရှိတယ်ပေါ့၊ ကျနော့်နာမည်နဲ့ဆိုလည်း အဲဒီအချိန်က ထုတ်လို့ရတယ်လေ၊ အဲဒါကြောင့်မို့ အစပိုင်းမှာ ကျနော် CDM မလုပ်ခဲ့မိတာပါခင်ဗျ” ဟု ဒေါက်တာရဲလင်းစိုးက ဆိုသည်။

ယနေ့ မေလ ၂၆ ရက်နေ့တွင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC ထံ ခံဝန်ကတိဖြင့် ဒေါက်တာရဲလင်းစိုးအပါအဝင် non-CDM ဆေးဝန်ထမ်း ၂ ဦးနှင့် အခြား ၂၂ ဦးတို့ကို ကရင်နီပြည်ရဲဌာနက ပြန်လွှတ်ပေးခဲ့သည်။

ကရင်နီပြည်ရဲဌာနတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီသတင်းပေးဒလန်များအပါအဝင် စုစုပေါင်း ၁၂၆ ဦး ရှိပြီး ပြည်လည်ထူထောင်ရေးအစီအစဉ်ထားရှိကာ ၎င်းတို့ကို အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ပေးရန် အစီအစဉ်များ ရှိကြောင်း သိရှိရသည်။

“ကျနော် လူသားဆန်စွာ နေရတယ်၊ ညီအစ်ကိုတွေလိုပဲ၊ ရဲက CDM ဆရာတွေရှိတယ်။ သူတို့တွေနဲ့ ကျနော် အေးအေးဆေးဆေး တူတူ သူတို့ စားသလို စားရတယ်၊ နေသလို နေရတယ်၊ အိပ်သလို အိပ်ရတယ်၊ အတူတူပဲ။ သူတို့က စိတ်ရင်းနဲ့ရော အကြည့် မျက်လုံးနဲ့ရော အချုပ်သားလို မဆက်ဆံခဲ့ဘူး။

ကျနော် ကရင်နီပြည်ရဲဌာနမှာ ရောက်ပြီး လေး၊ ငါးရက်လောက်အကြာမှာ KSCC အထောက်အပံ့နဲ့ ဆေးတွေ ကျနော့်ကို ပေးတယ်၊ ရွာမှာရှိတဲ့ လူနာတွေ ကျနော့်ဆီလာတယ်၊ ကျနော် ကျွမ်းတာလည်း ဒါပဲ ရှိတော့ သူတို့ကလည်း ကူပေးတယ်။ နောက်ပိုင်း ရွာတွေကို ထွက်တယ်၊ ဆေးကုပေးတယ်၊ ကျနော်လည်း ပျော်တယ်။ ဒီက ဆရာတွေကလည်း ကျနော် လိုတဲ့ဆေးတွေ၊ တောင်းတဲ့ ဆေးတွေ ရှာကြံပေးတယ်၊ အခက်အခဲတွေကြားမှာ ဆေးတွေကို မရမက ရှာပေးတယ်။ ကျနော်က ဆရာဝန်ဆိုတော့ ဒီအလုပ်လေးကို လုပ်နေရရင် ပျော်တယ်။ အဲဒီအတွက်လည်း ဒီက ဆရာတွေကို ကျေးဇူးတင်ပါတယ်” ဟု ဒေါက်တာရဲလင်းစိုးက ထိန်းသိမ်းခံရစဉ် အတွေ့အကြုံများကို ပြောပြသည်။

ကရင်နီပြည်ရဲဌာနက ထိန်းသိမ်းထားသူများထဲမှ စည်းကမ်းမလိုက်နာသူများ၊ လုံခြုံရေးအရ ဆက်လက်ထိမ်းသိမ်းထားသူများမှအပ အခြားသူများကို စိစစ်ပြီး ပြန်လွှတ်ပေးနေခြင်းဖြစ်သည်။

ကရင်နီပြည်ရဲဌာကအနေဖြင့် စစ်ကောင်စီထောက်လှမ်းရေးတပ်များ၊ ဒလန်များ၊ စစ်သားများ၊ ရဲများနှင့် စစ်ကောင်စီကို ထောက်တိုင်အဖြစ် ပါဝင်နေသူမှန်သမျှနှင့် အခြားရာဇဝတ်မှု ကျူးလွန်သူများကို ကရင်နီပြည်ရဲဌာနနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့က ဆက်လက်ဖမ်းဆီးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article