27 C
Yangon

NUCC သို့မဟုတ် စုပေါင်းခေါင်းဆောင်မှုဖြင့် အကောင်အထည် ဖော်ရမည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်သို့ သွားရာလမ်း

Must read

By လမ်းသစ်


မြန်မာနိုင်ငံကို ခေါတ်အဆက်ဆက် ပြည်ထောင်စု (သမ္မတ) မြန်မာနိုင်ငံဟု ခေါ်ဝေါ်ခဲ့ကြသော်လည်း မြန်မာနိုင်ငံသည် စစ်မှန်သော ပြည်ထောင်စုနိုင်ငံအဖြစ် မည်သည့်အချိန်ကမှ တည်ဆောက်နိုင်ခဲ့ခြင်း မရှိပေ။

အလွယ်ပြောရလျှင် နိုင်ငံကို ရုပ်အားဖြင့် အင်အားသုံး စုဖွဲ့နိုင်ခဲ့သော်လည်း နာမ်အားဖြင့်ဟု ဆိုနိုင်သော ပြည်ထောင်စုထဲတွင် ပါဝင်နေသော တိုင်းရင်းသား လူမျိုးစုများက မိမိတို့ကိုယ်တိုင် လိုလိုလားလားနှင့် ဂုဏ်ယူစွာ ပါဝင်စုဖွဲ့သည့် စစ်မှန်သော ပြည်ထောင်စု အခင်းအကျင်းမျိုးကိုမူ မည်သည့်ခေါတ်ကာလတွင်မှ တည်ဆောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ထို့ကြောင့်ပင် ကမ္ဘာပေါ်တွင် အကြာရှည်ဆုံးဟု ဆိုနိုင်သော ပြည်တွင်းစစ် အဆုံးမသတ်နိုင် ဖြစ်ခဲ့ရပြီး၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေခြင်းလည်း ဖြစ်သည်။ အာဏာရှင်၏ နှစ်ပေါင်းများစွာ ဖိနှိပ်မှုနှင့် ဝါဒဖြန့်မှုများကြောင့်လည်း ဗမာလူမျိုးအများစုသည် တန်းတူအခွင့်အရေး နှင့် ကိုယ်ပိုင်ပြဌါန်းခွင့် တို့အတွက် နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲဝင်နေသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအပါအဝင် တိုင်းရင်းသား လူမျိုးစုများ၏ ခံစားချက်နှင့် ရပ်တည်ချက်တို့ကို နားလည်နိုင်စွမ်း ရှိမှု အားနည်းခဲ့ရပြီး၊ ဗမာလူမျိုးကြီးဝါဒ တည်ရှိနေခြင်းအပေါ်တွင်ပင် ငြင်းဆန်ခဲ့ကြသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာ ထပ်မံသိမ်းယူမှုသည် တိုင်းပြည်ကို အဆိုးဆုံးသော အခြေအနေသို့ ဆွဲချသွားစေသလို၊ အခြားတဖက်တွင်လည်း ခေါတ်အဆက်ဆက် ဗမာလူမျိုးအများစု နားလည်နိုင်ခြင်း မရှိခဲ့သော အခြားတိုင်းရင်းသား လူမျိုးစုများအပေါ် သဘောထားအမြင်များလည်း ပြောင်းလဲလာသည်ကို‌ တွေ့ရသည်။

အထူးသဖြင့် တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာ မြန်မာပြည်၏ နှစ်ကာလရှည် ပဋိပက္ခကို ဖြေရှင်းနိုင်လိမ့်မည် ဆိုသည်ကို ဗမာတိုင်းရင်းသား အများစု ယုံကြည် လက်ခံလာကြသည်။

တဖက်တွင်လည်း ပြည်သူများအနေနှင့် စစ်အာဏာသိမ်းမှုကို ပုံစံမျိုးစုံနှင့် တော်လှန်ခဲ့သည်မှာ ၁နှစ်တာကာလ ကျော်လွန်လာသည့်အလျောက် တော်လှန်ရေး၏ အရှိန်၊ ချိန်သားကိုက်မှု၊ ဦးဆောင်နိုင်မှုနှင့် တော်လှန်ရေး အင်အားစုများအကြား စည်းလုံးနိုင်မှု စသည့် အခန်းကဏ္ဍများသည် ပို၍ အရေးကြီးလာပြီး၊ တော်လှန်ရေးကို အဆုံးအဖြတ် ပေးမည့်အရာများ ဖြစ်လာသည်။

ထိုသို့ တော်လှန်ရေး၏ အရေးကြီးသော နေ့ရက်များကို ဖြတ်ကျော်နေရသည့် ယခုလို အချိန်မျိုးတွင် နွေဦးတော်လှန်ရေး၏ ဦးဆောင်အခန်းကဏ္ဍ၌ ပါဝင်နေသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် NLD ပါတီအနေနှင့် ပါတီကိုယ်စားပြု ဆက်လက်ပါဝင်တော့မည်မဟုတ် ဆိုသည့် သတင်းများ ပေါ်ထွက်လာခြင်းနှင့်အတူ NUCC တွင် ပါဝင်နေသော အဖွဲ့ဝင်များအကြား စိတ်ဝမ်းကွဲပြားမှု ရှိလာမည်ကို စိုးရိမ်မှုများ ရှိလာသည်။

အဆိုပါ သတင်းများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုသုတေသန လုပ်ငန်းအဖွဲ့က ရေးသားပြီး ပါတီတွင်း ကန့်သတ်ထုတ်ဝေထားသော “”အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အခန်းကဏ္ဍ” ဆိုသည့် စာတမ်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဆိုရှယ်မီဒီယာတွင် ပေါက်ကြားလာမှုက စတင်သည် ဟုဆိုနိုင်သည်။

ပေါက်ကြားလာသည့် စာတမ်းအရ နွေဦးတော်လှန်ရေးနှင့် စစ်အာဏာရှင် ချုပ်ငြိမ်းရေးအပေါ် NLD ပါတီ ဗဟိုသုတေသန လုပ်ငန်းအဖွဲ့၏ သုံးသပ်တင်ပြထားမှုများက မေးခွန်းထုတ်စရာ အများအပြား ဖြစ်နေစေသည်။

စာတမ်းကို ဖတ်ရှုပြီးသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အများစုကတော့ အဆိုပါ စာတမ်းသည် ပြီးခဲ့သည့် NLD အစိုးရသက်တမ်းအတွင်း တိုင်းရင်းသား လူမျိုးစုများအပေါ် ကျင့်သုံးခဲ့သည့် NLD ပါတီ၏ လုပ်ဆောင်ချက်များကို ပြန်လည်အမှတ်ရစေသည် ဟု ဆိုကြသည်။

စာမျက်နှာ ၂၇ မျက်နှာခန့် ရှိသော အဆိုပါစာတမ်းတွင် အဓိက ဆိုလိုရင်းအနေနှင့် နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာသော အဖွဲ့အစည်းများ ပါဝင်နေသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သည် NLD ပါတီလောက် တရားဝင်မှု (Legitimacy) မရှိကြောင်းကို နှိုင်းယှဉ် သုံးသပ် ဖော်ပြထားသည်ကို တွေ့ရသည်။

အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုသုတေသန လုပ်ငန်းအဖွဲ့က ပြုစုထားသော စာတမ်းသည် စစ်အုပ်စု စိတ်တိုင်းကျ ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအောက်တွင် ကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလဒ်၏ တရားဝင်မှု (Legitimacy) ကို အထူးပြု ဖော်ပြထားသည်ကို တွေ့ရပြီး ၂၀၀၈ ခြေဥကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေးအခင်းအကျင်းကို ထပ်ကာထပ်ကာ ညွှန်းဆိုထားသည်ကိုလည်း တွေ့ရသည်။

ယခု သုသေသန စာတမ်းကို လွန်ခဲ့သည့် ၅လခန့်က ပါတီတွင်း ဖြန့်ဝေခဲ့သည် ဟု ဆိုသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေ နှင့် ပါတီ၏ သဘောထားအပေါ် ထင်ဟပ်မှု များစွာရှိနေခြင်းကြောင့် ယခုလို ဝေဖန်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

စင်စစ် NUCC သည် နွေဦးတော်လှန်ရေး၏ လိုအပ်ချက်အရ ပေါ်ပေါက်လာသည့် နိုင်ငံရေးစုဖွဲ့မှု တခု ဖြစ်သည်။ NUCC တွင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အထွေထွေ သပိတ်ကော်မတီများ၊ အမျိုးသမီးနှင့် လူငယ်အသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်နေသလို၊ ယခုကဲ့သို့ များပြား ကျယ်ပြန့်လှသည့် တော်လှန်ရေးအုပ်စုများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများအကြား မဟာမိတ် ဖွဲ့နိုင်မှုသည် မြန်မာ့သမိုင်းတွင် မရှိခဲ့ဖူးသော စုဖွဲ့မှု တစ်ခုဖြစ်သောကြောင့် စစ်မှန်သော အနာဂတ်ဖက်ဒရယ် နိုင်ငံတော်သစ်တစ်ခု ပေါ်ပေါက်လာစေဖို့ မျှော်လင့်ချက်များ ရရှိစေခဲ့ခြင်းလည်း ဖြစ်သည်။

လက်တွေ့အားဖြင့်လည်း NUCC သည် အထက်ပါစုဖွဲ့မှုမှတဆင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို မည်သို့မည်ပုံ တည်ဆောက်မည် ဆိုသည့် ပဋိဉာဉ်ကို ဝိုင်းဝန်း ရေးဆွဲခဲ့ကြပြီး အဆိုပါ ပဋိဉာဉ်ကတဆင့် NUG အစိုးရ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

NUCC ၏ ပထမဆုံး နှစ်ပတ်လည် ပြည်သူ့ညီလာခံကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကိုယ်စားလှယ်ပေါင်း ၄၀၀ ၀န်းကျင်ဖြင့် ကျင်းပခဲ့ပြီး NLD ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သလို၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာတမ်း ကိုလည်း အတည်ပြုနိုင်ခဲ့သည်။

ထို့ကြောင့်ပင် NUCC သည် ရွေးကောက်ပွဲအရ တရားဝင်မှု (De Jure Legitimacy) နှင့် လက်တွေ့အရ တရားဝင်မှု (De Facto Legitimacy) တို့ ပေါင်းစပ်ထားသော စုပေါင်းခေါင်းဆောင်မှုကို ပြသနိုင်သည့် တခုတည်းသော နိုင်ငံရေး စုဖွဲ့မှု ဟု လည်း ဆိုနိုင်မည် ဖြစ်သည်။

သို့ရာတွင် NLD ပါတီဗဟိုသုတေသန လုပ်ငန်းအဖွဲ့က ပြုစု ဖြန့်ဝေခဲ့သည့် ယခု စာတမ်းတွင်မူ “NLD ပါတီအနေနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ပါဝင်ခြင်းကို ပြန်လည်သုံးသပ်ရန် လမ်းကြောင်းထားသည်ကို ထင်ထင်ရှားရှား တွေ့မြင်ရသည်။

အဆိုပါ စာတမ်းပေါက်ကြားလာပြီး မကြာမှီ NUCC တွင် NLD ပါတီအနေနှင့် ပါတီ ကိုယ်စားပြု ဆက်လက်ပါဝင်တော့မည်မဟုတ် ဆိုသည့် အသံများ ကျယ်လောင်လာခဲ့ပြီး၊ NLD ပါတီ၏ တာဝန်ရှိသူများက ပါတီအနေနှင့် NUCC တွင် မိတ်ဖက်အနေနဲ့သာ ဆက်လက် ပါဝင်တော့မည် ဆိုသည်ကို ထုတ်ပြန် ပြောဆိုရသည်အထိ ဖြစ်လာခဲ့သည်။

အဆိုပါ သတင်းများနှင့် ပတ်သတ်ပြီး NLD တာဝန်ရှိသူတစ်ဦးက ဟုတ်မှန်ကြောင်း မီဒီယာအင်တာဗျုးတစ်ခုတွင် ဝန်ခံထားသလို၊ လွန်ခဲ့သော ၅ လခန့်က ကျင်းပခဲ့သည့် NUCC ၏ ပြည်သူ့ညီလာခံ (People’s Assembly) အပြီး ကစတင်၍ NUCC အစည်းအဝေးများတွင် NLD ပါတီကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိတော့ကြောင်း NUCC အဖွဲ့ဝင်တစ်ချို့၏ ပြောဆိုချက်များကို ဆိုရှယ်မီဒီယာများတွင် တွေ့မြင်လာရသည်။

NLD ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအောင်ကြည်ညွန့်ကတော့ NUCC တွင် NLD ပါတီ ၏ အခန်းကဏ္ဍနှင့် ပတ်သတ်ပြီး ဆုံးဖြတ်ဖို့ရန်အတွက် အဓိက ကျသူများဖြစ်သည့် ပါတီ၏ CEC အဖွဲ့ဝင်အများစုမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရခြင်းကြောင့် ပါတီအနေနှင့် ဆုံးဖြက်ချက် ချနိုင်ခြင်း မရှိသည့် အခြေအနေ ဖြစ်နေသည် ဟု ပြန်လည်ဖြေရှင်းထားသည်ကို တွေ့ရသည်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကတော့ အဆိုပါ ပြောဆိုမှုကို လက်မခံပဲ၊ ၄င်းသည် NUCC တွင် NLD ပါဝင်ခြင်း မရှိတော့သည်ကို ဖုံးကွယ်နေခြင်းသာ ဖြစ်ကြောင်း ပြောကြားကြသည်။

အထူးသဖြင့် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်အများစု အဖမ်းခံ ထားရသော်လည်း၊ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဝင်များနဲ့ စုဖွဲ့ထားသည့် CFPH က ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေငြာချက်ကို NLD ပါတီက ပါတီအနေနှင့် ထောက်ခံ သဘောတူကြောင်း တရားဝင် ထုတ်ပြန်ခဲ့မှုအပေါ် ထောက်ပြ၍၊ ယခု NUCC တွင် NLD ပါတီ ပါဝင်မှု ကိစ္စကိုလည်း ထိုကဲ့သို့ ရှင်းရှင်းလင်းလင်း ထုတ်ပြန် ရပ်တည်သင့်ကြောင်း ပြောဆိုဝေဖန် နေကြခြင်းလည်း ဖြစ်သည်။

လက်တွေ့တွင်လည်း တော်လှန်ရေး၏ လိုအပ်ချက်အရ ပေါ်ပေါက်လာသော NUCC စုဖွဲ့မှုတွင် NLD ပါတီ ဆက်လက် မပါဝင်တော့ခြင်းသည် နွေဦးတော်လှန်ရေးအတွက် ကောင်းမွန်သည့် လက္ခဏာ တစ်ရပ်မဟုတ်ပေ။

တော်လှန်‌ရေးအုပ်စုများအကြားတွင်လည်း NLD ပါတီအနေနှင့် NUCC ထဲမှာ ဆက်လက်ပါဝင်မှု မရှိသည့်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ အထူးသဖြင့် ပြည်သူအများစု ထောက်ခံသော သက်တမ်းရှည် ဒီမိုကရက်တစ် ပါတီကြီးအနေနှင့် NUCC စုဖွဲ့မှုတွင် ဆက်လက် မပါဝင်ခြင်းသည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ဆုပ်ကိုင်ထားပြီး၊ ၂၀၀၈ အခြေခံဥပဒေက ဘောင်ခတ်ပေးထားသော အာဏာရှင် သက်ဆိုးရှည်စေမည့် နိုင်ငံရေး ဆွေးနွေးမှုဖက်ကို ဦးတည်နေခြင်းလား သို့တည်းမဟုတ် NLD ပါတီအနေနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ် အကောင်အထည် ဖော်ချင်ရဲ့လား ဆိုသည့် အပေါ်များတွင် သံသယများ ဖြစ်ပေါ်လာစေနိုင်ခြင်း ကြောင့်လည်း ဖြစ်သည်။

အထူးသဖြင့် အဆိုပါကိစ္စသည် NLD ပါတီ၏ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သော ဒေါက်တာဇော်မြင်မောင်၏ “တိုင်းရင်းသားအရေးကို NLD ပါတီအောက်က လုပ်ဆောင်နိုင်ပါတယ်” ဆိုသော သဘောထား၊ မွန်ပြည်နယ် ချောင်းဆုံတံတားကိစ္စနှင့် ကရင်နီ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ကိစ္စများတွင် NLD ပါတီ၏ တိုင်းရင်းသား လူမျိုးစုများအပေါ် ထားရှိခဲ့သည့် သဘောထားများကို ပြန်လည်အမှတ်ရစေပြီး၊ တိုင်းရင်းသား လူမျိုးစုများနှင့် ဥမကွဲ သိုက်မပျက် တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ် သံသယများ တိုးပွားလာစေနိုင်တာလည်း ဖြစ်သည်။

ဒါ့အပြင် NUCC တွင် NLD ပါတီ ဆက်လက်မပါဝင်တော့ ဆိုသည့် သတင်းနှင့်အတူ မရှေးမနှေင်းပင် စု၊ ရွေး၊ လွှတ် ဆိုသော အယူအဆကို တွန်းပို့နေသည့် လော်ဘီဆန်ဆန်ပို့စ်များ ဆိုရှယ်မီဒီယာတွင် ခပ်စိတ်စိတ်တွေ့လာရသည်။ နိုင်ငံရေးတွင် တိုက်ဆိုင်သည် ဆိုသည် မရှိ ဆိုသောစကားနဲ့အညီ နိုင်ငံရေးသုံးသပ်သူ အများစုကတော့ ဒါကို စိုးရိမ်စရာအနေနှင့် ထုတ်ဖော်ပြောဆိုမှုများ ရှိလာသည်။

စု၊ ရွေး၊ လွှတ်ဆိုသော အယူအဆသည်လည်း ၂၀၀၈ ခြေဥအောက်က ရုန်းမထွက်နိုင်သေးသော စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် နိုင်ငံရေးရေချိန် ခပ်နိမ့်နိမ့် အတွေးအခေါ်တစ်ခုဟု ဆိုသော် မှားမည် မဟုတ်ပေ။

အထူးသဖြင့် စုရွေးလွှတ် တောင်းဆိုချက်ဖြစ်သည့်
၁) ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး ပြန်လွှတ်ပေးရေး
၂။ ၂၀၀၈ ခြေ/ဥ အရ ပေါ်ပေါက်လာသော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရေး
၃။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော်များ ပြန်လည်ခေါ်ယူရေး

စသည့်အချက်များတွင် နံပါတ် ၁ အချက်သည် တော်လှန်ရေးအုပ်စုအားလုံးက လက်ခံ သဘောတူထားသည့် အချက်ဖြစ်သော်လည်း နံပါတ် ၂ နှင့် ၃ တို့မှာ လက်ရှိနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ကိုက်ညီမှု မရှိတော့ပေ။ CRPH အနေနှင့် ၂၀၀၈ ခြေဥကို ဖျက်သိမ်းကြောင်း ကြေငြာပြီးဖြစ်သလို၊ ၂၀၀၈ ခြေ/ဥ အရ ပေါ်ပေါက်လာသော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တောင်းဆိုနေခြင်းသည် စစ်ဖိနပ်အောက်သို့ ပြန်လည်သွားလိုကြောင်း ပြသနေခြင်းလည်း ဖြစ်သည်။

ပြည်သူများအပေါ် ရက်စက်စွာပြုကျင့် သတ်ဖြတ်နေသော ဖက်စစ် စစ်တပ်နှင့် ပြည်သူများအကြား ရန်ငါ စည်း ပြတ်ပြီး ဖြစ်သည့်အလျောက် အာဏာရှင် အမြစ်ဖြတ်‌ရေးသည်သာ နွေဦးတော်လှန်ရေး၏ ပန်းတိုင်ဖြစ်သည် ဆိုသည်ကို ပြည်သူများက လက်ခံနေပြီးဖြစ်ရာ၊ လက်ရှိအခြေအနေသည် စု ရွေး လွှတ်ဆိုသည့် အယူအဆများထက် ရှေ့သို့ များစွာကျော်လွန်ရောက်ရှိနေပြီ ဆိုသည်ကို သတိပြုရမည်ဖြစ်သည်။

ထို့ကြောင့် NUCC တွင် NLD ပါတီ မပါဝင်တော့မှုနှင့် စု ရွေး လွှတ်ကဲ့သို့သော စစ်ဖိနပ်စော်နံသည့် အတွေးအခေါ် အယူအဆတို့ကို ပြည်သူများအကြား အချိန်ကိုက် သွပ်သွင်းမှုများအပေါ် NLD ပါတီအနေနဲ့ ရှင်းလင်းပြတ်သားသော မူဝါဒရပ်တည်ချက်များနှင့် မဆိုင်းမတွ ရှင်းလင်းထုတ်ပြန် ပြောဆိုသင့်ပေသည်။

ဘုံရန်သူအတွက် ညီညွတ်မှုယူကြသော နိုင်ငံရေးမဟာမိတ်များအကြား သဘောထား ရပ်တည်ချက် ကွဲလွဲမှုများကြောင့် တော်လှန်ရေးအင်အားစုများ ပြိုကွဲခဲ့ရကာ အာဏာရှင်များ ခေါတ်အဆက်ဆက် သက်ဆိုးရှည်ခဲ့မှုကို မြန်မာ့နိုင်ငံရေး သမိုင်းတလျောက် ကောင်းစွာ သိမြင် သင်ခန်းစာယူ နိုင်သည့်အလျောက် လက်ရှိ တော်လှန်ရေး အင်အားစုများ စုဖွဲ့ထားတဲ့ NUCC အား အင်အားချိနဲ့စေနိုင်သော လုပ်ရပ်များ မလုပ်မိစေရေး အထူးသတိထား ဆောင်ရွက်သင့်ပေသည်။

အထူးသဖြင့် အတိတ်က ခါးသီးလှသည့် စစ်အာဏာရှင်လက်အောက် နှစ်ပရိစ္ဆေရ ကြာမြင့်စွာ ကျရောက်ခဲ့မှုအပေါ် သင်ခန်းစာယူ၍ NLD ပါတီအနေနှင့် NUCC စုဖွဲ့မှုတွင် ပြတ်ပြတ်သားသား ပါဝင်ခြင်းဖြင့် NUCC စုဖွဲ့မှု ပိုမိုအားကောင်းအောင် ဆောင်ရွက်သင့်ပါသည်။ ပါဝင်ပြီးသားအဖွဲ့များအနေနှင့်လည်း NUCC ၏ သဘောထား၊ ရပ်တည်ချက်နှင့် လုပ်ငန်းအကောင်အထည် ဖော်နေမှုများကို အများပြည်သူများ ရှင်းရှင်းလင်းလင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အကြောင်းအမျိုးမျိုးကြောင့် မဖွင့်လှစ်နိုင်သေးသော Facebook နဲ့ Website စသည့် ဆိုရှယ်မီဒီယာပလက်ဖောင်း များကို အမြန်ဆုံး ဖွင့်လှစ်အသုံးပြုပြီး ပြည်သူများနှင့် အပြန်အလှန် သတင်းစကား ဖလှယ်နိုင်သော ဆက်ဆံရေး ချန်နယ်လ်များ ပေါ်ပေါ်က်လာစေရေး အားစိုက်ဆောင်ရွက်သင့်ပါသည်။

တိုင်းရင်းသား လူများစုများ၏ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်များကို လစ်လျှုရှုခဲ့ပြီး ဗမာလူမျိုး တစ်ခုတည်းအပေါ် အခြေတည်၍ အစုအဖွဲ့ တစ်ခုတည်းက ဦးဆောင်စုဖွဲ့ခဲ့ကြသည့် မည်သည့် နိုင်ငံသွင်ပြင် တည်ဆောက်မှုမဆို မအောင်မမြင် ဖြစ်ခဲ့ရသည်ကို ဆင်ခြင်၍ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကို NUCC ကဲ့သို့သော စုပေါင်းခေါင်းဆောင်မှုဖြင့်သာ တည်ဆောက်သင့်ကြောင်း ထပ်လောင်းတင်ပြအပ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် စောင့်စည်းအပ်သည့် စည်းတကာ့စည်း အားလုံးကို လွန်ကျုးစွာ ချိုးဖျက်ပြီး ပြည်သူများအပေါ် ရက်စက်စွာ ဖိနှိပ် သတ်ဖြတ်နေသော မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအနေနှင့် လက်ရှိတော်လှန်ရေးတွင် အနိုင်ရစရာအကြောင်း လုံးဝ ရှိမည် မဟုတ်ပေ။ သို့သော် ထိုသို့ စစ်ကောင်စီဖက်က အနိုင်ရစရာအကြောင်း စိုးစဥ်းမျှ ရှိမည် မဟုတ်သော်လည်း၊ တော်လှန်ရေး အင်အားစုများဖက်က ဖက်စစ် စစ်တပ်အပေါ် အချိန်တိုအတွင်း အနိုင်ရရန် လိုအပ်နေသည် ဆိုသည်မှာလည်း အသေအချာပင် ဖြစ်သည်။

အထူးသဖြင့် တော်လှန်ရေး သက်ဆိုးမရှည်စေပဲ တော်လှန်ရေး အင်အားစုများ ညီညီညွတ်ညွတ်နှင့် ဖက်စစ် စစ်တပ်ကို အမြန်ဆုံး အမြစ်ဖြတ် အနိုင်ရမှသာ မလိုအပ်သည့် ဘေးထွက်ဆိုးကျိုးများကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး၊ အားလုံးလိုလား တောင့်တနေသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို လက်တွေ့ အကောင်အထည်ဖော် တည်ဆောက်နိုင်မည် ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article