ရန်ကုန်၊ ဇွန် ၂
သမ္မတဦးဝင်းမြင့်နှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) က လိမ်လည် လုပ်ကြံ အမှုဆင်မှု ပေါက်ကြားပြီးနောက် စသုံးလုံးဌာနမှ အရာထမ်းနှင့်အမှုထမ်း ၂၀ ကျော် နုတ်ထွက်စာတင်ထားကြောင်း စသုံးလုံးဌာနထံမှ သိရှိရသည်။
အလုပ်မှ နုတ်ထွက်ရန် စာတင်ကြသူများတွင် ဒုညွှန်မှူးအဆင့်အထိ ပါဝင်ကြောင်း၊ အထူးသဖြင့် လူငယ်များ နုတ်ထွက်စာတင်ကြခြင်းဖြစ်ကြောင်း၊ နုတ်ထွက်စာတင်ကြသော်လည်း နုတ်ထွက်ခွင့်ရဖွယ်မရှိကြောင်း သိရှိရသည်။
“လူငယ်တွေ နုတ်ထွက်စာတင်ကြတယ်။ နုတ်ထွက်စာတင်ထားသူတွေထဲမှာ ရာထူးအကြီးဆုံးက ကယားပြည်နယ် ဒုညွှန်မှူး ကျော်စိုးလှိုင်ကတော့ ရာထူးအကြီးဆုံးလို့ သိရပါတယ်” ဟု စသုံးလုံးသတင်းရင်းမြစ်က ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတဦးဝင်းမြင့်နှင့် NLD အစိုးရဝန်ကြီးချုပ်များကို လိမ်လည်အမှုဆင်ရာတွင် စသုံးလုံးဌာနတစ်ခုလုံးက အဓိက ပါဝင်ပတ်သက်နေကြောင်း သတင်းများပေါက်ကြားပြီးနောက် နုတ်ထွက်လိုသူနှင့် ဆက်လက် အလုပ် မလုပ်လိုသူများပြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်း စသုံးလုံးဌာနမှ ဒုတိယစုံစမ်းရေးမှူး ဒေါ်စိုးစန္ဒာထွေးကို အလုပ်ထွက်စာ လိုင်းပေါ်တင်မှုဖြင့်ပတ်သက်ပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ကြောင်း၊ ယမန်နှစ်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယခင်အပတ်က အမိန့်ချမှတ်ခံရခြင်းဖြစ်သည်ဟု သိရှိရကြောင်း စသုံးလုံး သတင်းရပ်ကွက်ထံမှ သိရှိရသည်။
ဓာတ်ပုံ- စသုံးလုံးညွှန်ချုပ် မောင်မောင်ကျော်နှင့်ညွှန်မှူးများ။ (ပုံအဟောင်းဖြစ်သည်)