30 C
Yangon

ရန်ကုန်၊ မကွေး၊ ရှမ်းနှင့် မန္တလေးတို့တွင် စစ်တပ် သတင်းပေး၊ ရာအိမ်မှူး၊ အုပ် ချုပ်ရေးမှူး၊ ပျူစောထီး၊ သွေးသောက်နှင့် တပ်ထောက်ခံသူများ ပစ်ခတ်ခံရပြီး ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၆

ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ ရှမ်း ပြည်နယ် တောင်ကြီးမြို့၊ မကွေးတိုင်း မြို့သစ်မြို့နယ်၊ အောင်လံမြို့နယ်နှင့် မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ ပြည်ကြီးတံခွန် မြို့နယ်တို့တွင် စစ်တပ် သတင်း ပေး ဟု သတ်မှတ်ခံရသူများ၊ တပ်ထောက်ခံသူများ၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ် လက်အောက်ခံ ပျူစောထီး၊ သွေးသောက် အဖွဲ့ဝင်များကို သေနတ် သမားများ၊ မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်
=================

ရန်ကုန်တိုင်း ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ် ၃၇ ရပ်ကွက် အနော်ရထာလမ်းရှိ ဧကရာဇ် ဟိုတယ်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ Myanmar idol တွင် ဝင်ရောက် ယှဉ်ပြိုင်ဖူးသော ဇင်ဝင်းထိုက် (ဇင်ကြီး)နှင့် အမျိုးသမီး ၁ ဦးကို ဇွန်လ ၅ ရက်နေ့ ည ၉ နာရီခန့်တွင် Ultimate Revolutionary Movement Team တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း URMT တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ဇင်ဝင်းထိုက် (ဇင်ကြီး) သည် ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့ပြီး ပစ်ခတ်ခံရသူ မပပလင်းသည် ဦးခေါင်း ကျည်ဖောက်ဝင်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့နေတဲ့ ဧကရာဇ်ဟိုတယ် ပိုင်ရှင်က ဗိုလ်မှူးပါ။ အမျိုးသမီးနဲ့ ဇင်ကြီးထောင်ဖမ်းဖို့လုပ်တယ်။ ဇင်ကြီးနဲ့လည်း တိုင်ပင်တာကြောင့် ရှင်းလင်းပါတယ်” ဟု Ultimate Revolutionary Movement Team က ပြောသည်။

မြောက်ဥက္ကလာမြို့နယ်
===================
ရန်ကုန် မြောက်ဥက္ကလာ မြို့နယ် နွယ်သာကီ ၃ လမ်းတွင် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသော မင်းသိန်းကို အမည်မသိ သေနတ် သမားများက ဇွန်လ ၆ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

သေဆုံးသူ မင်းသိန်းသည် ရပ်ကွက်ထဲ၌ အမြဲတမ်း ဆဲဆို ရမ်းကားပြီး ၎င်း စစ်တပ်ကို သတင်းပေး တိုင်ကြားသောကြောင့် ဖမ်းဆီးခံရသော ပြည်သူ ၁၂ ဦးရှိကာ သေဆုံးခဲ့သူများလည်း ရှိကြောင်း သိရသည်။

တောင်ကြီးမြို့နယ်
===============
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရွှေညောင်မြို့ မင်္ဂလာ အောင်မြေ ရပ်ကွက် ရာအိမ်မှူး ကိုကိုမြင့်ကို ဇွန်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသော ရာအိမ်မှူး ကိုကိုမြင့်သည် တောင်ကြီးမြို့နယ် ကြံ့ဖွတ် ပါတီ ကော်မတီဝင် ဟောင်း တစ်ဦး ဖြစ်ပြီး ရင်ဘတ်ကို သေနတ်ကျည် ထိမှန်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

မြင်းခြံမြို့နယ်
===========
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံမြို့အနီးတွင် စစ်တပ် လက်အောက်ခံ သွေးသောက်အဖွဲ့ဝင် နိုင်ဝင်းကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၃ဝ မိနစ်ခန့်တွင် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို နောင်ရိုး အထူးပြောက်ကျားတပ်-NYSGF ၊ Ngazun Hero ၊ Ngazun Fight Stars စသည့် ညီနောင်သုံးဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်
===============
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက် ရဲဘော်ကွက်သစ် ရာအိမ်မှူး သိန်းစိုးကို ဇွန်လ ၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

သေဆုံးသူ သိန်းစိုးသည် သားဖြစ်သူနှင့် အကြော်ရောင်းချနေစဉ် ပစ်ခတ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် သေနတ်ကျည်များ ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြို့သစ်မြို့
==========
မကွေးတိုင်း မြို့သစ်မြို့ က.ပ.စ ၁၇ စစ်တပ် အတွင်း တိမ်းရှောင်နေသော စစ်တပ် လက်အောက်ခံ ပျူစောထီး အဖွဲ့ဝင် သိန်းထွန်းကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ဇွန်လ ၆ ရက်နေ့ ၃ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ပျူစောထီးဝင် သိန်းထွန်းသည် မြို့သစ်မြို့ ကွင်းကြီးကျေးရွာတွင် နေထိုင်စဉ်က စစ်တပ် လက်ကိုင်တုတ်အဖြစ် ဆက်ကြေး ကောက်ခံခြင်း၊ တော်လှန်ရေး အင်အားစုများ နေထိုင်ရာ နေရာများကို လိုက်ခံ ပြသခြင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး အင်အားစုများက အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း နတ်မောက်မြို့ ကမ်းပြိုရွာသစ်တွင် တိမ်းရှောင်ပြီး စစ်တပ် လက်ကိုင်တုတ် အဖြစ် ဆက်လက် ဆောင်ရွက်နေသောကြောင့် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အောင်လံမြို့နယ်
==============
မကွေးတိုင်း အောင်လံမြို့နယ် ပဒဲကျေးရွာတွင် စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ၁ ဦးကို ဗိုလ်မထား ဦးဆောင်သော အဖွဲ့က ဇွန်လ ၄ ရက်နေ့ ည ၇ နာရီ ၃ဝ မိနစ်ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဗိုလ်မထား အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article