ရန်ကုန်၊ ဇွန် ၇
ဆောမြို့တွင် CDM ကျန်းမာရေး ဝန်ထမ်း ကိုအောင်ကိုလင်း ၊ဘားအံတွင် တက္ကသိုလ် ကျောင်းသား မောင်ဥာဏ်ဝင်း၊ မိုးကောင်း တွင် NLD ပါတီဝင် ကိုအောင်ကိုဝင်းတို့ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်ဒေသ ဆီမီးကျေးရွာတွင် CDM ပြုလုပ်ထားသော ပြည်သူ့ကျန်းမာရေး ကြီးကြပ်- ၂ ကျန်းမာရေး ဝန်ထမ်း ကိုအောင်ကိုလင်းကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်ခဲ့ကြောင်း NUG အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကိုအောင်ကိုလင်းကို အကြမ်းဖက် စစ်တပ်က မေလ ၃၁ ရက်နေ့တွင် ဆီမီးကျေးရွာမှ ပြည်သူ ၄ ဦးနှင့် အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂ ရက်အကြာ ဇွန်လ ၂ ရက်နေ့တွင် စစ်ကြောရေး၌ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ် ဘားအံတက္ကသိုလ် တတိယနှစ် သင်္ချာကျောင်းသား မောင်ဥာဏ်ဝင်းကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၃ ရက်နေ့တွင် ဘားအံမြို့ စစ်ဆေးရေး ဂိတ် တစ်ခုတွင် ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း NUG အစိုးရ ပညာရေးဝန်ကြီး ဌာန ဘားအံ တက္ကသိုလ် တက္ကသိုလ် ကောင်စီက ထုတ်ပြန် ထားသည်။
အကြမ်းဖက် စစ်တပ်သည် မောင်ဥာဏ်ဝင်းကို စစ်ဆေးရေး ဂိတ်၌ ချုပ်နှောင်ထားစဥ် ဝဲဘတ်ရင်အုံကို သေနတ်ကျည် ၂ ချက်၊ ခြေထောက်ကို သေနတ်ကျည် ၂ ချက် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘားအံတက္ကသိုလ် ကျောင်းသား အများအပြားကို စစ်တပ်က နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားပြီး ကျောင်းသား ပြည်သူများ သွေးမြေကျနေရမှုများကို အဆုံးသတ်ရန် ကျောင်းသား ကျောင်းသူများ မိဘ ပြည်သူများ အနေဖြင့် လုပ်ကိုင်နိုင်စွမ်းရှိသည်များကို အစွမ်းကုန် ဆောင်ရွက်ကြရန် တက္ကသိုလ် ကောင်စီက ထုတ်ပြန်ထားသည်။
ထို့ပြင်ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်တွင် NLD ပါတီဝင် ကိုအောင်ကိုဝင်းကို ဇွန်လ ၅ ရက်နေ့ ည ၈ နာရီ ၅ဝ မိနစ်ခန့်တွင် ပင်းဘောရွာ ပျူစောထီး ခေါင်းဆောင် ကျော်မြင့် ဦးဆောင်သောအဖွဲ့သော အဖွဲ့က ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း နန်းမားပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ကိုအောင်ဝင်းကို ပစ်ခတ် သတ်ဖြတ်မှုတွင် ပြည့်ဖြိုးသန့်၊ ကျော်ကြီး၊ ဇင်ကြီး၊ ဇော်မျိုးထွန်း၊ မင်းသာထက်၊ ဝိုင်းချစ်၊ ငထိုက်၊ ကိုထက်၊ ကိုရှမ်းလေး၊ မရည်ဝင်း၊ စိုးကြီးတို့ ပါဝင်ပြီး ပင်းဘောရွာ ပျူစောထီး ခေါင်းဆောင် ကျော်မြင့် ဦးဆောင်ခြင်း ဖြစ်ကြောင်း MOHNYIN REVOLUTION နှင့် ဂလိုင်ချောင်စစ်ကြောင်းမှ စုံစမ်းသိရှိရသည်ဟု နန်းမား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စစ်တပ်က ပစ်သတ်လိုက်သော ဘားအံတက္ကသိုလ် တတိယနှစ် သင်္ချာကျောင်းသား မောင်ဥာဏ်ဝင်း။