ရန်ကုန်၊ ဇွန် ၇
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ ကိုင်းလယ်ကျေးရွာရှိ နယ်မြေရဲစခန်းကို PDF စုပေါင်းတပ်များက ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းပြီး ရဲစခန်းကို သိမ်းပိုက်ရရှိခဲ့ကာ ရဲ ၁ ဦးကိုလည်း အရှင်ဖမ်းမိကြောင်း၊ ယခုအခါ စစ်တပ်က စစ်ကူများလွှတ်ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဇွန်လ ၇ ရက်နေ့ နံနက် ၆ နာရီခန့်မှစ၍ပေါက်မြို့နယ်ကိုင်းလယ်နယ်မြေ ရဲစခန်းကိုPDF ဝင်စီးနင်းခဲ့ကြောင်း၊ ရဲစခန်းမှူး ရာဇူးမောင် နှင့်အဖွဲ့က ပြန်လည်ခုခံ၍တိုက်ပွဲပြင်းထန်နေခဲ့ပြီး နံနက် ၈ နာရီဝန်းကျင်တွင် တိုက်ခိုက်ရေးစစ် ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်နေကြောင်း၊ မြေပြင်တွင်လည်း စစ်ကူ စစ်ကားများ လာရောက်နေကြောင်း၊ ကိုင်းလယ်ကျေးရွာအနီးအနားရှိ သရဖီ၊လယ်လမ်း၊သီးခြောက်ကျေးရွားမှ ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။
“ပေါက်မြို့နယ်၊ ကိုင်းလယ်ရွာပေါ်ကို ရဟတ်ယာဉ်ပေါ်ကနေ ပစ်တယ်။ မြေပြင်မှာလည်း စစ်ကူ စစ်ကားတွေ လာနေတယ်လို့ သိရပါတယ်။ ရဲစခန်းကို ဝင်သိမ်းတာမှာ ရဲခွေးတွေ ထွက်ပြေးပြီး ရွာထဲကအိမ်အချို့ထဲမှာပုန်းခိုနေကြတယ်။ စစ်ကူစစ်ကားတွေကလည်း သရဖီရွာနား ရောက်နေပြီကြားတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

