ရန်ကုန်၊ ဇွန် ၉
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အထက်လက်မွန်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် CDF ကန်ပက်လက် ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ ဇွန်လ ၉ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်သည်။
အင်အား ၁၈၅ ဦးပါသော စစ်ကောင်စီစစ်ကြောင်းကို CDF ကန်ပက်လက်၊ The Youth Force(Saw,Kyaukhtu)၊ PDF ညောင်ရမ်း၊ Saw PDFတပ်ရင်း ၂ (YRPA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ ၁ ကြိမ် ညနေ ၅ နာရီမှ ၆ နာရီအထိ ၁ ကြိမ် ဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံးကာ ဒဏ်ရာရသူများလည်း ရှိနိုင်ကြောင်း CDF ကန်ပက်လက်က ဆိုသည်။
အဆိုပါ တိုက်ပွဲ ၂ ကြိမ်တွင် CDF ကန်ပက်လက် ပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိကြောင်း စစ်ကောင်စီတပ်ဖွဲ့များသည် လက်မွန်ရွာရှိ အပြစ်မဲ့ပြည်သူများကို ဓါးစာခံလုပ်ကာ ဖမ်းဆီးထားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်သည် လက်မွန်ရွာရှိ အများပြည်သူပိုင် အိမ်မွေးတိရစ္ဆာန်များကို ခိုးယူသတ်ဖြတ်စားသောက်နေပြီး အထက်လက်မွန်ကျေးရွာအနီးတွင် တပ်စွဲထားခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်သည်။
ဓါတ်ပုံ – CDF ကန်ပက်လက် တပ်ဖွဲ့ဝင်များ