31 C
Yangon

ရေစကြိုတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး၊ စစ်ကိုင်းတွင် စစ်ကား မိုင်းဆွဲခံရမှု သေဆုံးမှု များနိုင်၊ ဂန့်ဂေါတွင်လည်း တိုက် ပွဲ ဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးကာ YDF ရဲဘော် ၂ ဦးကျဆုံး

Must read

ရန်ကုန်၊ ဇွန် ၁ဝ

မကွေးတိုင်း ရေစကြိုမြို့နယ် ဇရပ်နီရွာနှင့် ရွှေလှံရွာကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၉ ရက်နေ့တွင် ၂ ကြိမ် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တလုပ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်ခြေယာရွာမှ ဇရပ်နီရွာကို စစ် ကြောင်း ထိုးလာစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက အနီးကပ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ဝရုန်းသုန်းကား ထွက်ပြေးစဉ် မပေါက်ကွဲသေးသော မိုင်းများ၏ မိုင်းကြိုးများကို စစ်သားများ ဝင်တိုက်မိပြီး မိုင်း ၃ လုံးပေါက်ကွဲကာ ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်သားများက ကာကွယ်ရေး တပ်ဖွဲ့များ ပစ်ခတ်ရန် အသင့်ပြင်ဆင်ထားသော ပစ်ကွင်းထဲသို့ ရောက်လာသဖြင့် ၄ဝ မမ များ၊ လက်နက်ငယ်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သောကြောင့် စစ်သား ၁၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တလုပ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (မြင်းခြံခရိုင် တပ်ရင်း ၂)၊ MGN-RANGER (မြင်းခြံခရိုင် တပ်ရင်း ၂)၊ MGN-TIGER (မြင်းခြံခရိုင် တပ်ရင်း ၂)၊ MGN-21 (မြင်းခြံခရိုင် တပ်ရင်း ၂)၊ MGN-35၊ Shwe-Ao Revolution Force – SARF၊ တောင်သာ PDFနှင့် ဗိုလ်ကျားသစ်အဖွဲ့ (CDSOM တောင်ပိုင်း) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့နယ် အုန်းတောနှင့် ဆားတောင်ကြားတွင် စစ်သား အပြည့် တင်ဆောင်လာသော ၁၂ ဘီးကားကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၁၂ ဘီးကား မီးလောင်းပျက်စီးကာ စစ်သားများ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း PHOENIX(SGG) တပ်ဖွဲ့ထံမှ သိရသည်။

စစ်သားများ တင်ဆောင်လာသော ၁၂ ဘီးကားကို PHOENIX(SGG) တပ်ဖွဲ့နှင့် နယ်စီးမခြား စစ်ကိုင်းသား (U.G) တပ်ဖွဲ့တို့က ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ၁၂ ဘီးကားမှာ မီးလောင် ပျက်စီးသွားပြီး စစ်သားများ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း PHOENIX(SGG) တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်း ဂန့်ဂေါမြို့နယ် အနောက်ဘက်ခြမ်းတွင် အကြမ်းဖက် စစ်တပ်နှင့် ယောဒေသ ကာကွယ်ရေး တပ်ဖွဲ့ (YDF) တို့ ဇွန်လ ၆ ရက်မှ ၉ ရက်နေ့အထိ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ယောဒေသ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၆ ရက်နေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ်ခန့်တွင် ဂန့်ဂေါမြို့ အနောက်ဘက် ပေါ်လယ်ရွာလမ်းခွဲတွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းများနှင့် YDF ကင်းလှည့် အဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့်ပါ တရစပ်ပစ်ခတ်ခဲ့သောကြောင့် YDF ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရောင်နက်ရွာ အရှေ့ဘက်မှ ထိုးစစ်ဆင်လာသော စစ်တပ် စစ်ကြောင်းနှင့် YDF တပ်ဖွဲ့တို့ မိနစ် ၃ဝ ခန့်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် အနောက် ဂန့်ဂေါသို့ အင်အား ၆ဝ ခန့်ဖြင့် ရောက်ရှိလာသော စစ်တပ် စစ်ကြောင်းနှင့် YDF တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ပြီး YDF ရဲဘော် ၂ ဦးကျဆုံးခဲ့ကာ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှုးရှီရွာမှ အနောက်ဘက် တောင်ပြင်ရွာကို ထပ်မံ ထိုးစစ်ဆင်လာစဉ် YDF တပ်ဖွဲ့နှင့် ဆင်ထန် CDF တို့မှ ချုံခို တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

တောင်ပြင်ရွာမှ ဆုတ်ခွာလာသော စစ်တပ် စစ်ကြောင်းသည် အနောက် ဂန့်ဂေါနှင့် ရှုးရှီကျေးရွာရှိ ပြည်သူပိုင် အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများကို လုယက် ယူဆောင်သွားပြီး ည ၇ နာရီခန့်တွင် ဂန့်ဂေါမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဂန့်ဂေါမြို့မှ မြစ်သာမြစ်ကမ်း အ နောက် ဘက်ခြမ်း ဒေသများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် မကျည်းခင် ကျေးရွာတွင် တပ်စွဲထားစဉ် ညနေ ၅ နာရီ ၃ဝ မိနစ်ခန့်တွင် YDF လက်နက်ကြီး တပ်ဖွဲ့နှင့် စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း YDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်သားတစ်ဦး။ Photo- Reuters။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article