ရန်ကုန်၊ ဇွန် ၁၃
မကွေးတိုင်း၊ သရက်မြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားများတွေ့ရှိ၍ စစ်တပ်နှင့်အာဏာပိုင်များက ကျောင်းသားများမိဘများကို ယနေ့ ခေါ်ယူသတိပေးကြောင်း သိရှိရသည်။
ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်း အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းနံရံတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများ တွေ့ရှိရကြောင်း၊ ထို့အတွက်ကြောင့် ယနေ့ ညနေ ၃ နာရီတွင် ကျောင်းသားကျောင်းသူများ၏ မိဘအုပ်ထိန်းသူများကို စစ်တပ်နှင့်ပညာရေးမှူးတို့က ခေါ်ယူ သတိပေးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါ ထွေ/အုပ်ရုံး ဗုံးဖောက်ခွဲမှုကို သရက်-ကံမ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ (လင်းယုန်စစ်ဆင်ရေးတပ်ဖွဲ့)က လုပ်ဆောင်ခြင်းဖြစ်ပြီး သရက်ခရိုင် ရုံးပေါင်းစုံ (ရုံးကြီး) သရက်ထွေအုပ် ရုံးကြီးဝန်း အနောက်ဘက် အတွင်းကို ဦးတည်ဖောက်ခွဲခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ- သရက် အထက ၂ တွင် ကျောင်းသားများမိဘများကို စစ်တပ်နှင့်ရဲက ခေါ်ယူသတိပေးစဥ် လာရောက်သည့် ရဲကားများရပ်နားထားပုံ။