ရန်ကုန်၊ ဇွန် ၁၄
နေပြည်တော် လယ်ဝေးမြို့နယ်၊ ဗောစိကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်း မီးပွိုင့်တွင် ငွေတောင်းနေသည့် ယာဉ်ထိန်းရဲနှင့်စစ်သားများအနီးတွင် မိုင်း ၂ လုံးပေါက်ကွဲပြီး ယာဉ်ထိန်းရဲများလိုက်ပါသော ကား ပျက်စီးကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲများ လိုက်ပါသော လိုက်ထရပ်ကား ပျက်စီးသွားကြောင်း၊ ယင်းနောက် နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် အဆိုပါ နေရာအနီး တွင်ပင် လက်လုပ်မိုင်း ထပ်မံပေါက်ကွဲကြောင်း သိရှိရသည်။
နေပြည်တော် တော်လှန်ရေးသတင်းဌာန (NRN)ကမူ နေပြည်တော် လယ်ဝေးမြိုနယ် ဗောဓိကုန်းမီးပွိုင့်တွင် စစ်တပ်၊ ရဲနှင့်ယာဉ်ထိန်းရဲများက ငွေတောင်းနေစဉ် ယနေ့နံနက် ဇွန်လ ၉ နာရီဝန်းကျင်က ဗုံးနှစ်ကြိမ်ပေါက်ကွဲ၍ သေဆုံးမှုနှင့် ပျက်စီးမှုများရှိကြောင်း၊ ပထမမိုင်းပေါက်ကွဲမှုတွင် ကားပျက်စီးပြီး ဒုတိယမိုင်းပေါက်ကွဲမှုတွင် ယာဉ်ထိန်းရဲ၊ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သတင်းဖော်ပြထားသည်။
“စစ်ခွေး ရဲခွေး မော်တော်ပီကယ်တွေက ကျွန်တော်တို့ဗုံးရဲ့ဘေးနားမှာ ပျက်စီးတဲ့ ကားကို စစ်ဆေးနေတာကို သူတို့ထဲကတစ်ယောက်က liveလွှင့်လို့ သိရတော့ ခွဲလိုက်တာ အထိအခိုက်အတော်များတယ်။ စစ်ရဟတ်ယာဥ်တောင်ပျံပြီး လိုက်ရှာတာ။ အဝေးထိန်းနဲ့ခွဲတာမို့ တော်လှန်ရေးအဖွဲ့ကတော့ အန္တ ရာယ်ကင်းပါတယ်” ဟု မိုင်းခွဲမှုကို လုပ်ဆောင်ခဲ့သည့် အမည်မဖော်လိုသော တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။
ဓာတ်ပုံ- ပျက်စီးသွားသော ယာဉ်ထိန်းရဲများ လိုက်ပါသည့် လိုက်ထရပ်ကား။