21 C
Yangon

ရေဦးမြို့နယ်၊ မုံတိုင်ပင်နှင့်အင်ပင်ကျေးရွာတွင် စစ်တပ်က သတ်ဖြတ်ခံရသူ နှင့် ဖမ်ဆီးခံရပြီး ပျောက်ဆုံးခဲ့သူ ၅၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူ ပြည်သူများကို ၅ ဦး တစ်သုတ်စီ စစ်တပ်က ခေါ်ထုတ် သတ်ဖြတ်ခဲ့

Must read

ရန်ကုန်၊ ဇွန် ၁၆

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုံတိုင်ပင်နှင့် အင်ပင်ကျေးရွာကို အကြမ်းဖက် စစ်တပ် က မေ လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၂၇ ဦး ထက်မနည်း ကို ပစ်သတ်သွားကာ ပြည်သူ ၃၀ ဦး ပျောက်ဆုံး နေခဲ့ သဖြင့် သေဆုံးသူနှင့်ပျောက်ဆုံးသူ ၅၀ နီးပါး ရှိကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်က မေလ ၁၄ ရက်နေ့တွင် မုံတိုင်ပင်ကျေးရွာနှင့် အင်ပင် ကျေးရွာ တို့တွင် စစ်တပ်က အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများကို သတင်း ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။ ယနေ့ RFA သတင်းက ထုတ်လွှင့်ခဲ့သော စစ်တပ် ၏ အစုလိုက် အပြုံလိုက် ပြည်သူကို သတ်ဖြတ်သော ဖြစ်စဉ်တွင် ရေဦးမြို့နယ်၊ မုံတိုင်ပင်ကျေးရွာ၊ အင်ပင်ကျေးရွာမှ ဖမ်းဆီးသတ်ဖြတ်ခံရ သူများ ပါဝင်ကြောင်း ဒေသခံတချို့က အတည်ပြုပြောဆိုသည်။

စစ်တပ်က မုံတိုင်ပင်ကျေးရွာထဲသို့ ဝင်ရောက်ချိန်၌ ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေသောသူများ ဖမ်းမိပြီး ၅ ယောက် တစ်သုတ် ခေါ်သွားကာ ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ အလောင်းများကို အိမ်များအောက်အထဲသို့ ထည့်ကာ မီးရှို့ခဲ့ကြောင်းပြောဆိုသည်။

“ဖမ်းထားတဲ့သူတွေထဲက ၅ ယောက် တစ်သုတ်စီ ခေါ်ပြီး သတ်ဖြတ်ခဲ့တာက ကျနော်တို့ မျက်မြင်သက်သေတွေလည်းရှိပါတယ်။ သတ်ဖြတ်နေတာကို ကျနော်တို့ ပုန်းအောင်းချောင်းကြည့်ရင်း မြင်ခဲ့ရသူတွေပြန်ပြောပြတာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်တပ်က ၎င်းတို့ သတ်ဖြတ်ထားသော ရုပ်အလောင်းများကို မီးရှို့ အလောင်း ဖျောက်ဖျက်ခြင်း၊ ရေတွင်းများထဲသို့ ပစ်ချခဲ့ခြင်းနှင့် အိမ်အောက်ခြေများထဲသို့ ရုပ်အလောင်းများကို ထိုးထည့်ခဲ့ကြောင်း ၊ စစ်တပ် ပြန်လည် ထွက်ခွာသွားချိန် မုံတိုင်ပင်ကျေးရွာ အတွင်းမှ မီးရှို့ခံ ထားရသော အလောင်း ၁၇ လောင်း၊ အင်ပင်ကျေးရွာမှ မီရှို့ခံထားရသော အလောင်း ၁၀ လောင်း တွေ့ရှိရကြောင်း သိရှိရသည်။

စစ်တပ်က ဖမ်းဆီးသွားသော ဘုန်းကြီး ၃ ပါးကိုလည်း ဖမ်းဆီးခေါ်ဆောင်ကာ မေလ ၁၃ ရက်နေ့ ည ၁၀ နာရီအချိန် ရေဦးမြို့ ဝါဆိုကျောင်းပို့ဆောင်ခဲ့ပြီး ဖြစ်စဉ်များကို ပြန်မပြောရန် ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

“ရေဦး မုံတိုင်ပင်နဲ့ အင်ပင်ကျေးရွာဖြစ်စဉ်မှာ သေဆုံးသူ အားလုံးပေါင်း အ လောင်း ချည်းပဲ ရခဲ့တာ ၃၀ ကျော်ပါတယ်။ တချို့အလောင်းတွေက မီးရှို့ ထားလို့ အလောင်းရယ်လို့ မမည်တော့ဘူး။ မီးသွေးတုံးတွေလိုဖြစ်နေခဲ့တာ။ ပျောက်ဆုံးသူကလည်း ၃၀ ရှိပါတယ်။ စုစုပေါင်း ၅၀ နီးပါး ၊ ၅၀ ကျော်လောက် သေဆုံး ပျောက်ဆုံးခဲ့တာပါ။ အခုအချိန်အထိ ကျနော်တို့အားလုံးမှာ ဒီအဖြစ် အပျက်တွေက အိပ်မက်ဆိုးလိုဖြစ်နေတုန်းပဲ” ဟု ဒေသခံက ဆိုသည်။

ထိုစဉ်က ပျောက်ဆုံးခဲ့သော လူ ၃၀ မှာလည်း ယခုအချိန်အထိ ပြန်လည် မတွေ့ ရှိရဟု ဒေသခံများက ဆိုကြပြီး မေလ ၁၄ ရက်နေ့ ခေတ်သစ်က ဖော် ပြခဲ့သော ပျောက်ဆုံးစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဦးသိန်းမြင့်ရွှေ ( ၄၃ ) နှစ်
၂။ ဦးစိန်နိုင် ( ၅၀ ) နှစ်
၃။ ဦးကျော်အေး ( ၅၅ ) နှစ်
၄။ ဦးကျော်ခိုင် ( ၄၅ ) နှစ်
၅။ ဦးအောင်သန်းဆွေ ( ၆၃ ) နှစ်
၆။ ဦးသိန်းလင်း ( ၅၇ ) နှစ်
၇။ ဦးထွန်းလင်းအောင် ( ၂၅ ) နှစ်
၈။ ဦးအောင်ထူး ( ၅၀ ) နှစ်
၉။ ဦးကျော်ဇေလင်း ( ၃၉ ) နှစ်
၁၀။ ဦးကျော်မင်းအောင် ( ၃၈ ) နှစ်
၁၁။ ဦးဇော်မိုးလှိုင် ( ၃၀ ) နှစ်
၁၂။ ဦးမိုးခိုင် ( ၄၈ ) နှစ်
၁၃။ ဦးဇော်မင်းအောင် ( ၄၀ ) နှစ်
၁၄။ ဦးအောင်ဆန်းဝင်း ( ၄၄ ) နှစ်
၁၅။ ဦးသိန်းဟန် ( ၅၆ ) နှစ်
၁၆။ ဦးကံဝင်း ( ၅၅ ) နှစ်
၁၇။ ဦးမျိုးသန့် ( ၄ဝ ) နှစ်
၁၈။ ဦးဇော်လွင် ( ၄၂ ) နှစ်
၁၉။ ဦးဝင်းမြင့် ( ၄၅ ) နှစ်
၂၀။ ဦးကျော်သူ ( ၃၃ ) နှစ်
၂၁။ ဦးကျော်ပိုင် ( ၄၂ ) နှစ်
၂၂။ ဦးကျော်ခိုင် ( ၄၅ ) နှစ်
၂၃။ ဦးမြင့်ထွန်း ( ၅၅ )နှစ်
၂၄။ ဦးညီညီမင်း ( ၃၅ ) နှစ်
၂၅။ ဦးကျော်စွာမင်း ( ၄၁ )နှစ်
၂၆။ ဦးမင်းယုဝေ ( ၄၈ ) နှစ်
၂၇။ ဦးလုံးရွှေ ( ၃၀ ) နှစ် ကပ္ပိယ
၂၈။ ဦးဝင်းကျော် ( ၅၀ ) နှစ်
၂၉။ ဦးစိုးစိုးထွန်း ( ၃၃ ) နှစ်
၃၀။ ဦးစိုးထွန်း ( ၄၅ ) နှစ် တို့ဖြစ်ကြသည်။

စစ်တပ်က မုံတိုင်ပင် ကျေးရွာ အနီးရှိ နှောကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံး၊ အင်ပင်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၁၂ လုံး၊ ချမ်းသာရွာမှ ပြည်သူ ပိုင်နေအိမ် ၂၁ လုံး၊ ဆီဆုံရွာမှ ပြည်သူပိုင် နေအိမ် ၇ လုံး၊ သံသည်ရွာမှ ပြည်သူပိုင် နေအိမ် ၂ လုံးနှင့် မုံတိုင်ပင်ရွာမှ ပြည်သူပိုင် နေအိမ် ၂၉ လုံးကို စစ်တပ်က မီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရှိရသည်။

“အလောင်းတွေဟာ ရွာထဲမှာ ပြန့်ကျဲနေသလို ဘယ်သူမှလည်း မကောက် ရဲကြသေးဘူး။ PDF တပ်သားတွေက မီးရှို့ခံထားရတဲ့ အိမ်တွေကို အတတ် နိုင် ဆုံးမီးငြှိမ်းသတ်ပေးပြီး လုပ်နိုင်သမျှလုပ်ပေးနေပါတယ်။ မီးထဲပါသွားတာ လက် ရှိ သိရသလောက် ၂၉ အိမ်လောက်ရှိပါတယ်။ ပစ်သတ်ခံရသူတွေက ဘယ်သူ ဘယ်ဝါ မှန်းကို မသိသေးတာဗျ။ သွေးကွက်တွေလည်း တွေ့တယ်။ မီးမရှို့ခံရခင် ပစ်သတ်ခံရတယ်လို့ ယူဆလို့ ရပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက မေလ ၁၄ ရက်နေ့တွင် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မုံတင်ပင်ရွာသည် အိမ်ခြေ ၄၈၀ ခန့်ရှိပြီး လူဦးရေ ၁၉၀၀ ကျော်နေထိုင်သည့် ကျေးရွာကြီး တစ်ရွာဖြစ်ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများနှင့် ငွေကြေးများကိုလည်း အကြမ်းဖက် စစ်တပ်က ခိုးယူသွားပြီး မုံတိုင်ပင်ရွာ အရှေ့ဘက်ရှိ အောင်သာယာရွာ ပျူစောထီးများကလည်း ဆီ ၂၂ ပုံး၊ စပါး တင်း ၁၅၀ ၊ ပဲထောပတ် ၁၀ တင်းကို ခိုးယူသွားကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

ဓာတ်ပုံ- ရေဦးမြို့နယ်တွင် စစ်တပ်က ဖမ်းဆီးပြီး တချို့ကို ရက်စက်စွာ သတ် ဖြတ်ခဲ့သော ပြည်သူများ၏ အဖမ်းခံထားရမှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article