30 C
Yangon

မြန်မာအကြမ်းဖက် စစ်တပ်ကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) မှ မဖြစ်မနေ ဖယ်ရှားရန် လိုအပ်

Must read

ရန်ကုန်၊ ဇွန် ၁၉


မကြာမီ ရောက်လာတော့မယ့် ဇွန်လ ၂၁ ရက်ကနေ ၂၂ ရက်အထိ ကျင်းပဖို့ရှိနေတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ကို တက်ရောက်ဖို့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီး မြထွန်းဦး ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဂျပန်နဲ့ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးတွေလည်း အစည်းအဝေးမှာ ပါဝင်ဖို့ ရှိနေပြီး အဆိုပါကိစ္စရပ်ကို မဖြစ်မနေ ရပ်တန့်ပစ်ရပါမယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။

နိုင်ငံတော်အဆင့် စစ်တပ်တရပ်အနေနဲ့ တရားဝင်မှု မရှိတဲ့ မြန်မာစစ်တပ်ဟာ အာဆီယံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ စစ်တပ်အနေနဲ့ ပါဝင်နေခဲ့တာ ကာလကြာခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ အကြမ်းဖက် မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းများစွာထဲက တစ်ဖွဲ့သာဖြစ်ပြီး မြန်မာပြည်သူတွေအပေါ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကြမ်းဖက်တာ၊ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အရေးယူ အပြစ်ပေးခံရခြင်း အလျဉ်းမရှိပဲ ကျူးလွန်နေတဲ့ အဖွဲ့အစည်းတရပ် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အာဆီယံက မြန်မာစစ်တပ်ကို အကြိမ်ကြိမ် အသိအမှတ်ပြုပေးနေတာဟာ ရာဇဝတ်မှုတွေ ထပ်မံကျူးလွန်ဖို့ အတင့်ရဲလာစေပြီး ဖက်ဒရယ် ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေရဲ့ ကြိုးစားရုန်းကန် တိုက်ပွဲဝင်နေမှုကို ဟန့်တား နှောက်ယှက်ရာ ရောက်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မြန်မာစစ်တပ်က ADMM ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ကာလက အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေနဲ့ သဘာဝဘေး ကယ်ဆယ်ရေးအတွက် “ အဆင်သင့် စစ်တပ်များအဖွဲ့ “ Militaries Ready Group “ ထူထောင်ဖို့ အဆိုပြုခဲ့ကြပါတယ်။

ဒါနဲ့ ပတ်သက်လို့ ၂၀၁၅ ခုနှစ်မှာတော့ ADMM က အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဌာန AHA ရဲ့ အဖွဲ့ဝင်အဖြစ် အနိမ့်ဆုံးအဆင့် ဗိုလ်မှူးရာထူးရှိတဲ့ စစ်တပ်ကိုယ်စားလှယ် တစ်ဦးစီပါ၀င်ဖို့ အတည်ပြု ပေးခဲ့ကြတာပါ။

အဆိုပါအချက်က လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီကို လက်နက်အဖြစ် အသုံးချဖို့ ကြိုးပမ်းနေတဲ့ မြန်မာစစ်တပ်ရဲ့ AHA Centre မှာ ပါဝင်မှုကို ပိုပြီးခိုင်မာနေစေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ မုဒိန်းကျင့်တာ၊ အုပ်စုလိုက်မုဒိန်းကျင့်တာ၊ အင်အားသုံး အတင်းအကြပ် ရွှေ့ပြောင်းစေတာတွေကို ကျူးလွန်နေတဲ့အချိန် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက အကြမ်းဖက် အစွန်းရောက်ဝါဒ တန်ပြန်ရေးဆိုင်ရာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်တွေက အကြမ်းဖက်မှု နှိမ်နင်းဖို့အတွက် စစ်ဘက်ပူးပေါင်းမှုနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေမှုတွေကို တိုးမြှင့်လုပ်ဆောင်ကြဖို့ ကတိပြုခဲ့ကြပြန်ပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ADMM ရဲ့ လုံခြုံရေး ပြဿနာတစ်ရပ်အဖြစ် ဆွေးနွေးခဲ့ကြသလို ADMM-Plus ဥက္ကဋ္ဌရဲ့ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ထုတ်ပြန်ချက် မှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို မြန်မာနိုင်ငံအတွင်း “အခြေအနေ” နဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ရွှေ့ပြောင်း ဝင်ရောက်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေအဖြစ် ဆွေးနွေးခဲ့ကြောင်း ရှင်းလင်းဖော်ပြခဲ့တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြပါတယ်။

ဒါ့ကြောင့် အထက်ပါအချက်ဟာ အာဆီယံက နိုင်ငံတကာဥပဒေနဲ့ စံနှုန်းတွေကို လျစ်လျူရှုနေကြောင်း ထင်ဟပ်ပေါ်လွင်တဲ့ ဥပမာတစ်ရပ် ဖြစ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် စင်္ကာပူနိုင်ငံ တာဝန်ယူစဉ် ကာလအတွင်း စစ်ရေးအဆင့်မှာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လာခဲ့ကြပြီး အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ ကဏ္ဍပေါင်းစုံ အစည်းအဝေးရဲ့ အစီအစဉ်အသစ်အဖြစ် အာဆီယံတပ်မတော်များ သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အဆိုပါနှစ် ဇူလိုင်လမှာ စတင်ကျင်းပခဲ့ကြပါတယ်။

“ဒေသငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေး” ဆိုင်ရာ ကတိကဝတ်တွေကို မျှဝေတဲ့ အဆိုပါစားပွဲဝိုင်း ဆွေးနွေးပွဲကို တက်ရောက်တဲ့ မြန်မာစစ်တပ် ကိုယ်စားလှယ်တွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးဌာနက အကြီးတန်းအဖွဲ့ဝင်တစ်ဦး ပါဝင်နေတာပါ။

ဆက်လက်ပြီး အဆိုပါနှစ်ရဲ့ အောက်တိုဘာလမှာ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ဩစတေးလျ၊ တောင်ကိုရီးယား၊ နယူးဇီလန်နဲ့ အမေရိကန် အပါအဝင် အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေနဲ့ ADMM-Plus နိုင်ငံတွေနဲ့အတူ အကြမ်းဖက်မှုကိုရှုံ့ချတာ၊ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး စွမ်းရည်နဲ့ ထောက်လှမ်းရေး စွမ်းရည်တို့ကို မြှင့်တင်ဖို့ ကတိကဝတ်ပြုတာ၊ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးဆိုင်ရာ အာဆီယံ ကာကွယ်ရေး လုပ်ငန်းအဖွဲ့ကတဆင့် လက်တွေ့ကျတဲ့ စစ်တပ်-စစ်တပ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်မယ်လို့ ကတိပြုတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဒီထုတ်ပြန်ချက်မှာလည်း မြန်မာစစ်တပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ခေါင်းစဉ်သုံးပြီး ဆက်လက်ကျူးလွန်နေဆဲ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

၂၀၁၉ ခုနှစ်အရောက်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းဟာ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ “သမာရိုးကျ မဟုတ်သော နိုင်ငံဖြတ်ကျော် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်မယ်လို့ ကတိပြုထားတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ပူးတွဲကြေညာချက် တစ်စောင်မှာ ပါဝင်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရာဇ၀တ်မှုဆိုင်ရာ ကြားကာလ အစီအမံတွေ ချမှတ်အပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ အကြမ်းဖက်စစ်တပ်ရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်က အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးကို တက်ရောက်ပြီး အစည်းအဝေးမှာ သူက “စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့မှတဆင့် စည်းလုံး ညီညွတ်ပြီး တုံ့ပြန်နိုင်စွမ်းရှိသည့် တစ်ခုတည်းသော အာဆီယံအသိုက်အဝန်းတစ်ရပ်” တည်ဆောက်ဖို့ မိတ်ဖက် ဗိုလ်ချုပ်ကြီးတွေကို တိုက်တွန်းခဲ့ပါတယ်။

ဒီအစည်းအဝေးကို ၎င်းနဲ့အတူ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ပြီး ၎င်းတို့က လက်ရှိမှာ စစ်ကောင်စီကို ဦးဆောင်သူအဖွဲ့ဝင်တွေ ဖြစ်လာခဲ့ကြတယ်လို့ JFM ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အဆိုပါ ဥပမာ အထောက်အထားတွေက မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတွေမှာ အာဆီယံရဲ့ ကြံရာပါ ပတ်သက်မှုတွေ ကာလရှည်ကတည်းက ရှိနေတာကို ဖော်ပြထားပြီး အခုအချိန်မှာ အာဆီယံအနေနဲ့ ၎င်းရဲ့ ချဉ်းကပ်ပုံကို ပြောင်းလဲပြီး အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ မြန်မာစစ်တပ်ကို ထောက်ခံတာတွေကို အဆုံးသတ်ရမှာ ဖြစ်ပါတယ်။

အာဆီယံဟာ ၎င်းတို့မိတ်ဖက်တွေအနေနဲ့ မြန်မာစစ်တပ်ကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ကာကွယ်ရေးလုပ်ငန်းအဖွဲ့ရဲ့ ဦးဆောင်မှုနေရာက ဖယ်ရှားတာ အပါအဝင် အစည်းအဝေးတွေနဲ့ လှုပ်ရှားဆောင်ရွက်မှု အားလုံးကနေ ချက်ချင်းဖယ်ထုတ်ပေးဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်ကို အာဆီယံရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ကာကွယ်ရေး လုပ်ငန်းအဖွဲ့ရဲ့ ဦးဆောင်နေရာက ဖယ်ရှားဖို့အတွက်ဆိုရင် ဦးစွာ ဇွန်လ ၂၂ ရက်နေ့ ဖနွမ်းပင်မှာ ပြုလုပ်မယ့် ADMM အစည်းအဝေးကနေ မြန်မာစစ်တပ် ကာကွယ်ရေးဝန်ကြီး မြထွန်းဦးကို ဖယ်ရှားဖို့ လုပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ အာဆီယံအနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ အဖြစ်အသိအမှတ်ပြုပြီး မဖြစ်မနေ ထိတွေ့ဆက်ဆံရမှာဖြစ်ကြောင်း JFM က တိုက်တွန်းထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article