ရန်ကုန်၊ ဇွန် ၂၁
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းကို PDF ပူးပေါင်းတပ်များဖြစ်ကြသည့် CDF နှင့် SRA မဟာမိတ်တပ်များက ၆၀ မမ ၊ ၁၂၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ဆားလင်းကြီးတော်လှန်ရေးတပ်ဖွဲ့ SRA က သတင်းထုတ်ပြန်သည်။
ယနေ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင် စက်ရုံကို CDF နှင့် SRA မဟာမိတ် အဖွဲ့ ပူးပေါင်း၍ ၆၀ မမ ၊ ၁၂၀ မမ များအပြင် လက်နက်ကြီး လက်နက်ငယ်များနှင့်ပါ ပူးတွဲ ပစ်ခတ်ခဲ့ကြကြောင်း၊ နှစ်ဖက် အပြင်း အထန်တိုက်ပွဲဖြစ်ခဲ့သော်လည်း တစ်စုံတစ်ရာထိခိုက်ဆုံးရှုံးမှု မရှိကြောင်း ထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်က တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးရှိ မိုးကြိုးပြင်မြောက်ကျေးရွာကို အင်အား ၇၀ ခန့်ဖြင့် ယနေ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးကြောင်း၊ ဖမ်းဆီးခံရသူများရှိပြီး ပြည်သူအများစုမှာ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။