29 C
Yangon

စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး၏ သားသမီး ၃ ဦး ဝန်ကြီးဌာနနှင့် စစ်တပ် တင်ဒါ အခွင့်ထူးခံမှု အပါအဝင် စီးပွား ရေး အခွင့်အလမ်းများစွာ ရရှိပြီး ခရိုနီပေါက်စဖြစ်လာ

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး၏ သားသမီး ၃ ဦး တင်ဒါ အခွင့်ထူးခံမှု အပါအဝင် စီးပွားရေး အခွင့် အလမ်း များ စွာ ဖြင့် ခရိုနီလက်သစ်များဖြစ်လာကြောင်း တပ်သတင်းရင်းမြစ်နှင့် ရန်ကုန် စီးပွားရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

အသက် ၆၀ ရှိနေပြီဖြစ်သည့် အောင်လင်းဒွေးတွင် ဇနီးဥမ္မာမြင့်နှင့်အတူ သား လှိုင်ဘွားအောင်၊ ဖြိုးအာကာအောင်နှင့် သမီး ရွှေရည်ဖူးအောင် တို့ရှိကြပြီး လှိုင် ဘွားအောင်က မိခင်နှင့်အတူ မင်္ဂလာအောင်မြေ ကုမ္ပဏီ (Mingalar Aung Myay Co., Ltd) ၊ ဖြိုးအာကာအောင်က အောင်မြင့်မိုရ်လင်း ကုမ္ပဏီ(Aung Myintmo Lin Co., Ltd)၊ သမီးရွှေရည်ဖူးအောင်က ရွှေရည်ဖြိုးပြည့် ကုမ္ပဏီ (Shwe Yee Phyo Pyae Co., Ltd)တို့ကို ထူထောင်ထားကြသည်။

လုပ်ငန်းအားဖြင့် ဆောက်လုပ်ရေး၊ ကွန်ကရစ်ထုတ်စက်ရုံ ၊ သွင်းကုန်ပို့ကုန်၊ အကြီးစားစက်ပစ္စည်းများ တင်သွင်းခြင်း အပါအဝင် ကုန်သွယ်ရေး၊ ဆောက် လုပ်ရေး၊ လမ်းတံတားခင်း လုပ်ငန်း ကဲ့သို့သော အကြီးစား လုပ်ငန်းကြီးများကို လုပ်ကိုင်ကြသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအတွင်းရေးမှူးဖြစ်လာသည့် အောင် လင်း ဒွေးကြောင့် သားသမီး ၃ ဦး၏ ကုမ္ပဏီကို စီးပွားရေးသမားများက ချည်း ကပ်လာကြရပြီး ဝန်ကြီးဌာန၊ စစ်တပ် တင်ဒါများရရှိရေး၊ ဌာနဆိုင်ရာ လိုင် စင်များ ရရှိရေးအတွက် အပူကပ်ကြရသည်။

အောင်လင်းဒွေးသားသမီး ၃ ဦးကလည်း ဝန်ကြီးဌာနတင်ဒါ၊ စစ်တပ် တင်ဒါ မှန်သမျှ အလွတ်မခံ တော့ဘဲ မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ၊ ခင်သီရိ သက် မွန်တို့ ရယူသည့် ဝန်ကြီးဌာနနှင့်စစ်တပ်တင်ဒါများကို ပြဿနာအဖြစ် မခံဘဲ လက်ရှောင်ကြသည်။

“အခုက တကယ့်ကို ဝေစားမျှစား။ သူတို့အချင်းချင်းတော့ အငြိမခံကြဘူး။ မင်းအောင်လှိုင်သားနဲ့သမီး ပါတဲ့ တင်ဒါ ဆိုရင်တော့ အောင်လင်းဒွေး သားတွေ သမီးတွေက လက်ရှောင်ကြတယ်။ စီးပွားရေးသမားတွေကလည်း သူတို့နဲ့မှ အဆင်မပြေရင် မရဘူးလေ။ အဲဒီတော့ ပေါင်းရတာပဲ” ဟု ရန်ကုန် စီးပွားရေး သမားတစ်ဦးက ဆိုသည်။

ငွေကျပ်သန်း ၅၀၀ အထက် တန်ဖိုးရှိ ဝန်ကြီးဌာနတင်ဒါများကို ပုဂ္ဂလိက ကုမ္ပဏီများ မရရှိကြဘဲ စစ်တပ်နှင့် ပတ်သက်သော လူကြီး သား သမီး များကသာ အဓိက ရရှိကြောင်း၊ ဝန်ကြီးဌာနများကလည်း မင်းအောင်လှိုင်၊ အောင် လင်းဒွေး အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ သားသမီးများ၏ ကုမ္ပဏီအမည်များကို မှတ်သားထားပြီး ယင်းကုမ္ပဏီများကိုသာ ဦးစားပေး တင်ဒါ ချထားပေးကြောင်း သိရှိရသည်။


“အောင်လင်းဒွေးရဲ့ သားအကြီးကောင်က မင်္ဂလာအောင်မြေ Construction Company လုပ်တယ်။ ဝန်ကြီးဌာနတင်ဒါတွေမှာလည်း သန်း ၅၀၀ အထက် lot တွေဆိုရင်် တခြားကုမ္ပဏီတွေ မရကြဘူး။ စစ်တပ်က လူကြီးပိုင်းရဲ့ သား သမီး တွေပဲ ရကြတာ။ သူတို့က တင်ဒါ lot တောင်းစရာမလိုဘူး ဝန်ကြီး ဌာနတွေကို Company နာမည်ပဲ ပေးထားတာ ။ သူတို့ company တွေ အတွက် ဝန်ကြီးတွေကိုယ်တိုင် lot ခွဲတမ်း ချပေးပြီးမှ ကျန်တဲ့ lot တွေကိုပဲ တခြားလုပ်ငန်းရှင်တွေကို တင်ဒါပြိုင်ခိုင်းတာ ။ နေပြည်တော် သိုက် ချောင်း လမ်းဆုံနားက Concrete Batching Plant က အောင်လင်းဒွေး သားပဲ ပိုင်တာ။ နေပြည်တော်က ဆောက်လုပ်ရေးလုပ်ငန်းအတွက် သူ့သားဆီကပဲ ဝယ်ဖို့ အောင်လင်းဒွေးက လုပ်ငန်းရှင်တွေကို မှာထားတယ်” ဟု ခိုင်မာသည့် သတင်း ရင်းမြစ်တစ်ခုက ပြောဆိုသည်။

အောင်လင်းဒွေး၏ သားအငယ်ဖြစ်သူ ဖြိုးအာကာအောင် လုပ်ကိုင်သော အောင်မြင့်မိုရ်လင်း ကုမ္ပဏီသည် မကြာသေးမီက စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ ကျောက်မီးသွေး တူးဖော်ခွင့်ရရှိသွားကြောင်း သိရှိရသည်။

“သူ့သားအငယ်ကျတော့ အောင်မြင့်မိုရ်လင်း ကုမ္ပဏီ ထောင်ထားတယ်။ လုပ် တာ ကတော့ အစုံပဲ ။ အဓိကကတော့ ခရိုနီပေါက်စတွေက အောင်လင်းဒွေး သားအငယ်ကောင်နဲ့တွဲပြီး ပို့ကုန်သွင်းကုန်တွေလုပ်တယ် ဟိုတလောလေးကပဲ ကျောက်မီးသွေးတူးဖော်ခွင့် ရသွားတယ်။ ဦးပိုင် က ချပေးလိုက်တာ” ဟု ရန်ကုန် ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်း ရှင် များအသင်း UMFCCI မှ အဖွဲ့ဝင် စီးပွားရေး သမားတစ်ဦးကမူ လက်ရှိ စစ်တပ် ၏ အခင်းအကျင်းသည် အာဏာကို လက်လွှတ်ရန်မရှိတော့သည့်အတွက် လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း မြန်မာ့စီးပွားရေးလောကတွင် ထိပ်တန်း စီးပွားရေး ခရိုနီများ အပြောင်းအလဲဖြစ်ရန် ရှိနေသည်ဟု ဆိုသည်။

” အခုစစ်အာဏာသိမ်းမှုကို မထောက်ခံတဲ့ စီးပွားရေးသမားတွေ အဖမ်း ခံရ ထားတာတွေရှိတယ်။ လက်ရှိမှာ။ စီးပွားရေးလုပ်ဖို့ကလည်း သူတို့နဲ့ ကင်းလို့က မရတော့ လက်ရှိ ခရိုနီတွေထဲမှာတောင် သူတို့ ကင်းအောင် နေရင်း စီးပွား ရေးတွေ လက်လွှတ်လိုက်ရတာတွေရှိတယ်။ ကျနော်ထင်ပါတယ် စစ်တပ်က အခု လုပ်နေတဲ့ပုံစံက တိုင်းပြည်ကို ပိတ်ပြီး သူတို့လိုချင်တဲ့ ပုံစံခွက်ထဲ ဆွဲသွင်း နေတာမို့ လာမယ့် ၅ နှစ်နဲ့ ၁၀ နှစ်အတွင်းမှာ အခုလက်ရှိ ရှိနေတဲ့ ထိပ်တန်း စီးပွားရေး သမားတွေ နေရာမှာ စစ်တပ်က လုပ်ပိုင်ခွင့် ပေးရင်း အပြောင်း အလဲ တွေ ဖြစ် မယ်။ အခုတော့ သူတို့နီးစပ်ရာကို လုပ်ပိုင်ခွင့်ချပေးရင်း စီးပွားရေး အင်ပါယာ စထူထောင်နေပြီ။ ဒါလည်းမြင်နေရတယ်” ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article