ရန်ကုန်၊ ဇွန် ၂၃
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပန်းသာကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေပျူစောထီး ပူပေါင်းတပ်ဖွဲ့နှင့် တမူး PDF တပ်ဖွဲ့များကြား ယမန်နေ့ ဇွန်လ ၂၂ ရက်၌ ၄ နာရီနီးပါး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီနှင့် ပျူစောထီးများဘက်မှ ၈ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရကြောင်း တမူး PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ကလေး-တမူး ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ တပ်စွဲထားသည့် ပန်းသာကျေးရွာကို တမူး PDF တပ်ရင်း ၄ ရင်းနှင့် Special Task Force တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ပန်းသာက ပျူစောထီးတွေ အများဆုံး ရှိတဲ့ရွာ၊ တိုက်ပွဲက မနက် ၁၁ နာရီခွဲကနေ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အထိ ကြာတယ်။ ကျနော်တို့ PDF ဘက်က ၆ ဦး ဒဏ်ရာရတယ်၊ ၁ ဦး စိုးရိမ်ရတယ်” ဟု တမူး PDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ပန်းသာကျေးရွာသည် တမူးမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် အများဆုံးရှိသည့် ကျေးရွာ ၁ ရွာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကလည်း တပ်စွဲထားကြောင်း သိရှိရသည်။
ဓါတ်ပုံ – ကလေး-တမူး ကားလမ်းတွင် လုံခြုံရေးစစ်ဆေးနေသော တမူး PDF များ (ပုံအဟောင်းဖြစ်ပါသည်)