ရန်ကုန်၊ ဇွန် ၂၃
ဩစတြေးလျနိုင်ငံသည် လာမည့်လတွင် မော်စကို၌ မြန်မာနှင့်ရုရှားတို့က ပူးတွဲသဘာပတိအဖြစ် ကျင်းပမည့် အာဆီယံ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအုပ်စု အစည်းအဝေးသို့ မတက်ရောက်ဘဲ ပထဆုံးအကြိမ် ပျက်ကွက်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာန အရာရှိများက ထုတ်ဖော် ပြောကြားလိုက်သည်။
ယမန်နှစ် အွန်လိုင်းက ကျင်းပခဲ့သော အကြမ်းဖက်မှု တိုက်ဖျက်ရေးအပေါ် အာဆီယံနှင့် ကျွမ်းကျင်သူများ ပါဝင်သည့် အစုအဖွဲ့အစည်းအဝေး (ASEAN plus Expert Working Group on Counter Terrorism) အနည်းဆုံးနှစ်ခုကို ယခင်ကာကွယ်ရေးဝန်ကြီး ပီတာဒက်တန် တက်ရောက်ခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည့် မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုခြင်း ဖြစ်သည် ဟုဆိုကာ အပြင်းအထန် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
အဆိုပါအုပ်စုတွင် အရှေ့တောင်အာရှနိုင်ငံများအသင်းအဖွဲ့ဝင် ၁၀နိုင်ငံအပြင် ဩစတြေးလျ၊ အမေရိကန်၊ ဂျပန်၊ တရုတ်၊ ရုရှား၊ နယူးဇီလန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့ ပါဝင်ကြသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး၌ ဒေသဆိုင်ရာ စဉ်ဆက်မပြတ် ချိတ်ဆက်ပူးပေါင်းမှုသည် အရေးကြီးကြောင်း၊ လွန်ခဲ့သည့် ၁၁ နှစ်တာကာလအတွင်း ဩစတြေးလျက အဆိုပါအစည်းအဝေးကို တစ်ကြိမ်တစ်ခါမျှ ပျက်ကွက်ခဲ့ခြင်း မရှိကြောင်း မစ္စတာဒက်တန်၏ အစည်းအဝေးတက်ရောက်မှုနှင့် ကာကွယ်ရေးဝန်ကြီးဌာန အဆင့်နိမ့်အရာရှိများ အစည်းအဝေး၌ ပါဝင်တက်ရောက်မှုအတွက် ယခင်ဩစတြေးလျအစိုးရက ခုခံချေပခဲ့သည်။
သို့ရာတွင် လာမည့်လတွင် ကျင်းပမည့် အရာရှိအဆင့် ကျွမ်းကျင်မှုဆိုင်ရာ အစည်းအဝေး၌မူ ဖေဖော်ဝါရီလက ရုရှား၏ ရက်စက်သည့် ယူကရိန်းကျူးကျော်စစ် ဖြစ်ပွားစဉ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ဩစတြေးလျက အစည်းအဝေး မတက်ရောက်ခြင်းဖြစ်သည်။
ရုရှားကျူးကျော်စစ်ကြောင့် ဩစတြေးလျအပါအဝင် အနောက်နိုင်ငံများက ရုရှားအကြီးတန်းအရာရှိများ၊ စစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်များ၊ သက်ဆိုင်သော လုပ်ငန်းများအပေါ် ပိတ်ဆို့အရေးယူမှု ရာပေါင်းများစွာ ချမှတ်ခဲ့ကြသည်။
သို့ရာတွင် ဩစတြေးလျသည် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး မြန်မာအကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့များ၏ သေစေလောက်သော နှိမ်နှင်းမှုများ ဆက်လက်ပေါ်ပေါက်စေခဲ့သည့် အာဏာသိမ်းမှု ဖြစ်ပွားစဉ်ကတည်းက မြန်မာအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ထားခြင်း မရှိသေးပေ။
ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလက်စ်၏ ရုံးအား စာဖြင့်ဆက်သွယ် မေးမြန်းမှုကို ဖြေကြားရာတွင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဩစတြေးလျ အစိုးရသစ်အနေဖြင့် လာမည့်လ၌ ကျင်းပမည့် အဆိုပါအစည်းအဝေးသို့ လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ မည်သည့်အရာရှိမျှ စေလွှတ်တက်ရောက်စေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ဇူလိုင်၂၀-၂၁ရက်နေ့ မော်စကိုတွင် ကျင်းပမည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူလုပ်ငန်း အဖွဲ့အစည်းအဝေးတွေကို ဩစတြေးလျက ပါဝင်တက်ရောက်မှာ မဟုတ်ပါဘူး” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဝန်ကြီး မစ္စတာမားလက်စ်အနေဖြင့် နောင်တွင်ကျင်းပမည့် ဝန်ကြီးအဆင့် အစည်းအဝေးများကိုလည်း မတက်ရောက်ရန် ရည်ရွယ်ထားခြင်း ရှိ/မရှိကိုမူ ၎င်းက ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းမရှိပေ။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကတည်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိများ ဖြစ်လာသည့် မြန်မာနှင့် ရုရှားစစ်တပ်များသည် စစ်မြေပြင်လေ့ကျင့်မှုများ၊ အကြမ်းဖက်မှုနှိမ်နှင်းရေး စားပွဲဝိုင်းအစည်းအဝေး လေ့ကျင့်မှုများပြုလုပ်ကာ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးပါဝင်သည့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ပူးတွဲအစည်းအဝေးများကို ကျင်းပရန် စီစဉ်ထားသည်။
မြန်မာပါဝင်မှုကြောင့် သို့မဟုတ် ရုရှားကြောင့် ဤသို့သပိတ်မှောက်ရခြင်း ဖြစ်သည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး အစည်းအဝေးသို့ မတက်မည့် ဩစတြေးလျ၏ ဆုံးဖြတ်ချက်ကို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက ကြိုဆိုခဲ့ကြသည်။
“အာဆီယံအဖွဲ့ဝင်များ၊ နယူးဇီလန်နဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် အစည်းအဝေးမှာ တက်ရောက်မယ့် နိုင်ငံတွေဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို လုံးဝပြစ်ဒဏ်မခံရအောင် အားပေးအားမြှောက် ပြုနေခြင်းဖြစ်ပါတယ်”ဟု Justice for Myanmarမှ မရတနာမောင်က ပြောဆိုသည်။
“အခုဩစတြေးလျအနေနဲ့ မြန်မာစစ်တပ်ကိုယ်စားလှယ်တွေကို အစည်းအဝေး မဖိတ်ဖို့နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ ပါဝင်တက်ရောက်ရင် သပိတ်မှောက်ဖို့ အာဆီယံကို တိုက်တွန်းသင့်ပါတယ်။ ဒီတိုက်တွန်းမှုဟာ ဩစတြေးလျရဲ့ အပြုသဘော ရပ်တည်ချက်အပေါ် အခြေခံပြီး စစ်ကောင်စီနဲ့ သူ့ရဲ့စီးပွားရေး အကျိုးစီးပွားတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သင့်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်းနှင့် အကြမ်းဖက်မှုများ အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ ကာကွယ်တားဆီးရေး တရားဥပဒေစိုးမိုးရေး အဖွဲ့အဆင့်ချိတ်ဆက်မှုများကို ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းစဉ်ကတည်းက အရပ်သား ၂,၀၀၇ ဦးကို သတ်ဖြတ်ခဲ့ပြီး ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တန်နယ် အပါအဝင် လူပေါင်း ၁၁,၁၇၄ ဦးကို ဆက်လက်ထိန်းသိမ်းထားသည့် မြန်မာစစ်ကောင်စီနှင့် ဩစတြေးလျက ဆက်လက်ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။
သို့သော် ရုရှား၏ ယူကရိန်း ကျူးကျော်စစ်ကြောင့် အစိုးရ အားပေးအားမြှောက်ပြုနေသော အကြမ်းဖက်မှုဟု ယနေ့ ကျယ်ကျယ် ပျံ့ပျံ့စွပ်စွဲနေကြသော နိုင်ငံနှစ်နိုင်ငံ၏ တရားဝင်မှုကို အသိအမှတ်မပြုဘဲ နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုအား မည်သို့နှိမ်နှင်းမည်ဟူသည့် အကျပ်အတည်းမှာ ပိုမို ရှုပ်ထွေးသည့် အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
“သတင်းအချက်အလက် လွတ်လပ်ခွင့်” မူအရ ယခုနှစ်အစောပိုင်း Justice for Myanmar က ရရှိခဲ့သည့် ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေးနန်းစာများတွင် မြန်မာစစ်ကောင်စီသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးတွဲဥက္ကဋ္ဌ ဟူသည့်ရာထူးကို အသုံးချ၍ ၎င်းကိုဆန့်ကျင်နေသည့် အရပ်သားအုပ်စုများကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်နိုင်ရေး ဖိအားပေးလာမည်ကို ဩစတြေးလျအစိုးရက စိုးရိမ်ကြောင်း ဖော်ထုတ်သိရှိရသည် ဟုဆိုသည်။
ရုရှားနှင့် မြန်မာနှစ်နိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ကျွမ်းကျင်သူလုပ်ငန်းအဖွဲ့အား တစ်နိုင်ငံချင်းစီ၏ သံတမန်ရေး အကာအကွယ်အဖြစ် အသုံးချလျက် ရှိကြသည်။
မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ ဒီဇင်ဘာလ၌ ကျင်းပမည့် အစည်းအဝေး အကြိုဆွေးနွေးရန် အချက်များ ပေးပို့သည့် အီးမေးလ်တစ်စောင်၌ “အကြမ်းဖက်မှုများ အဆုံးသတ်ရေး မြန်မာကို တောင်းဆိုရေး ဇွန်လ အစည်းအဝေးမှတ်တမ်းအား ပြင်ဆင်ချက်ကို မော်စကိုက ကန့်ကွက်ခဲ့ကြောင်း” ဖော်ထုတ်သိရှိရသည်။
(The Australian သတင်းစာတွင် ဖော်ပြထားသော “Australia to skip ASEAN meeting in Moscow” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။