ရန်ကုန်၊ ဇွန် ၂၃
ရှမ်းပြည်တောင်းပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်PNA တပ်သားတစ်ဦးက အရပ်သား အမျိုးသမီး တစ်ဦးကို ပစ်သတ်မှု တရားမျှတမှု ရရှိရေး ဆောင်ရွက်ပေးရန် ပအိုဝ်း ပြည် သူများ တောင်းဆိုလိုက်ကြသည်။
ဆီဆိုင်မြို့နယ်၊ရတနာသီရိရပ်ကွက်တွင် ဇွန်လ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ လက် အောက်ခံ ပြည့်သူ့စစ် PNO/ PNA အဖွဲ့မှ တပ်သား ကောဝိဒသည် ရိုးရာမီးလုံးပွဲတွင် ရန်ဖြစ်သည့် လူများကို ခြောက်လှန့်သည်ဟု ဆိုကာ သေနတ်နှင့် ပစ်ခတ်ခဲ့ပြီး ၎င်း၏ ပစ်ခတ်မှုသည် အရပ်သား အမျိုးသမီး နန်းခမ်းအွမ်ကို ထိမှန်ခဲ့ကြောင်း၊ ဇွန်လ ၂၂ ရက်နေ့တွင် နန်းခမ်းအွမ်မှာ သေနတ် ထိမှန်ဒဏ်ရာနှင့် သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါ PNA တပ်သား၏ ကျူးလွန်မှုအပေါ် ရပ်ကွက်နေ ပြည်သူများက တရားမျှတမှု ဆောင်ရွက်ပေးရန် တောင်းဆိုသော်လည်း PNO/PNA မှ ယနေ့အထိ တစ်စုံတစ်ရာဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံများ ထံမှ သိရှိရသည်။
“ထိပြီးပြီးချင်း ထိသွားမှန်းလည်း သိတယ်။ မေ့လဲသွားတာလည်း မြင်လိုက်ပေမယ့် အဲ့ လူသတ် သမားက ထွက်တောင် မကြည့်ခဲ့ပါဘူး။ သူ့ မိသားစုလည်း မြင်တယ်။ မကြည့်တဲ့ အပြင်တံခါးပိတ်ပြီး အိမ်ထဲမှာပဲ နေနေကြတယ်။ အဲလိုကျူးလွန်တဲ့အပေါ် PNA က အကြောင်းအမျိုးမျိုးနဲ့ ဆင်ခြင် ပေးကာကွယ်ပေးခဲ့တယ်။ အပစ်ခံရတဲ့ ကောင်မလေးက အဲ့မှာကတည်းက မေ့လဲခဲ့တာပါ။ အဲဒါကို PNA က မေ့ဆေးအရှိန်နဲ့ မေ့လျော့နေတယ်လို့ အွန်လိုင်းပေါ်မှာ လိမ်ညာစာထုတ်ထားပါတယ်” ဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
သေနတ်ထိမှန်ခဲ့သည့် နန်းခမ်းအွမ်ကို ရပ်ကွက်သူ ရပ်ကွက်သားများက တောင်ကြီးမြို့ရှိ ဆေးရုံ အရောက်ပို့ဆောင်ပေးခဲ့ရပြီး ဆေးရုံရောက်ချိန်တွင် သေဆုံးသွားကြောင်း၊ PNA က ရုပ်အလောင်းကို ပြန်သယ်ခွင့် မပေးသည့် အတွက် တောင်ကြီးတွင်ပင် သင်္ဂြိုဟ်လိုက်ရကြောင်း ၊ အဆိုပါ ဖြစ်စဉ်အတွက် တရားမျှတမှု ဖော်ဆောင်ပေးရန်အတွက် ပအိုဝ်းအဖွဲ့အစည်းအပါအဝင် ပအိုဝ်းပြည်သူများက အွန်လိုင်းကမ်းပိန်းများ ပြုလုပ်ကာ တောင်းဆို နေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။



