35 C
Yangon

အကြမ်းဖက်စစ်တပ်က ရွှေဘို-ဒီပဲယင်းအစပ်ကို စစ်ကြောင်းထိုးနေ၊ ဆိပ်ခွန်ရွာသား ၁ ဦး ပစ်သတ်ခံရပြီး လက်ရှိတွင် ထူးကြီးကျေးရွာကို ဝင်ရောက်ပစ်ခတ် မီးရှို့နေ

Must read

ရန်ကုန်၊ ဇွန် ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘို-ဒီပဲယင်းအစပ်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်သည် ယနေ့ ဇွန်လ ၂၄ ရက် နံနက်တွင် ဆိပ်ခွန်ရွာသား ၂ ဦးကို ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး လက်ရှိတွင် ထူးကြီးကျေးရွာသို့ ဝင်ရောက်ကာ သေနတ်ပစ်ခတ်မီးရှို့နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“မနေ့ညက အင်အား ၅၀ ဆိပ်ခွန်ကို ရောက်လာတယ်၊ ရွာအနောက်ဘက်က ဘုန်းကြီးကျောင်းမှာ အိပ်တယ်၊ ဒီမနက် ထူးကြီးရွာဘက်ကို သွားတာ ယက္ကန်းရုံသွားတဲ့ လူငယ် ၂ ဦးကို တွေ့ပြီး ပစ်တာ ၁ ဦးသေတယ်၊ ၁ ဦး ဒဏ်ရာရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ရွှေဘို-ဒီပဲယင်းတလျှောက် စစ်ကြောင်းထိုးလာနေပြီး လက်ရှိတွင် ထူးကြီးကျေးရွာတွင် ရောက်ရှိနေသလို သေနတ်များ ပစ်ဖောက်ကာ မီးရှို့ဖျက်ဆီးနေကြောင်း အခြားဒေသခံတစ်ဦးထံမှ သိရှိရသည်။

“လက်ရှိ ထူးကြီးမှာ သေနတ်သံတွေ ကြားတယ်၊ အဆောက်အဦးအချို့ကိုလည်း မီးရှို့နေတယ်။ မုံရွာဘက်ကနေ စစ်ကား ၃ စီးတက်လာတယ်လို့လည်း သတင်းကြားတယ်၊ အရှေ့အနောက် ညှပ်ချင်တာ ဖြစ်မယ်၊ နယ်မြေရှင်းတဲ့ ပုံစံဖြစ်နေပြီ” ဟု ဒေသခံက ပြောဆိုသည်။

အဆိုပါ ဒေသသည် ရွှေဘို-ဒီပဲယင်း အစပ်ဖြစ်ပြီး အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသည်။

ရွှေဘို-ဒီပဲယင်းအစပ် မူးမြစ်အနောက်ဘက်ကမ်းရှိ မူးကမ်း-ဆူးတပ်ကျေးရွာကို ဇွန်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ်သားများ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး မီးတင်ရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၁၆၈ လုံး၊ စပါးကျီများ၊ လယ်ယာသုံးစက်ပစ္စည်းများ၊ နွားများအပြင် ပြည်သူပိုင် ဥစ္စာပစ္စည်းများစွာ မီးလောင်ဆုံးရှုံးခဲ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article