ရန်ကုန်၊ ဇွန် ၂၄
စစ်ကိုင်းတိုင်း တမူးမြို့နယ် ရန်လင်းဖိုင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန် ၂၃ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်လိုက်ပြီး ယနေ့ နံနက်ပိုင်းတွင် အလောင်းပြန်လည်ရရှိကြောင်း ဒေသခံများက ပြောဆိုသည်။
“စစ်တပ်မှ မနေ့က အိမ်တွေမီးရှို့ရုံ အားမရဘဲ ဖမ်းထားတဲ့ ရန်လင်းဖိုင် ရွာသား ၂ ယောက် နဲ့ ခွန်မွန်းနွန် ရွာသား ၁ ယောက်ကို သတ်ဖြတ်လိုက်ပါတယ်။ ခုပဲ အလောင်းသွားကောက်ဖို့ မိသားစုတွေက စီစဥ်နေကြတယ်” ဟု ဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာအနီးတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာရာမှ ယမန်နေ့ ရန်လင်းဖိုင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်း သတ်ဖြတ်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“တမူးမြို့ ရန်လင်းဖိုင်ကျေးရွာနှင့် အနီးတဝိုက်တွင် ဒီရက်ပိုင်းတွင်း စစ်တပ်နဲ့ PDF တိုက်ပွဲတွေ ခပ်စိမ့်စိမ့်ဖြစ်လာခဲ့တယ်။ အရင်တစ်ခေါက်ကလည်း စစ် တပ်က ဘုရားကျောင်းကို အကာကွယ်ယူ တိုက်ခိုက်လို့ အပျက်အစီးများစွာ ဖြစ်ပေါ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေက ကြောက်လို့ ထွက်ပြေးကြတဲ့ဟာကို အိမ်ကို မီးရှို့ဖြစ်အောင်ရှို့လိုက်ကြတယ်။ မီးမရှို့လည်း တစ်ချိန်လုံးထွက်ပြေး ရတာနဲ့တင် အကျပ်အတည်းများစွာ ဖြစ်နေကြပြီကို လူစိတ်မရှိတော့ စစ်တပ် က နားမလည်ကြဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- စစ်တပ်က သတ်ဖြတ်သွားသော ပြည်သူ ၃ ဦးအလောင်းကို ပြန်လည် သယ်ယူလာစဉ်။

