30 C
Yangon

မင်းအောင်လှိုင် သို့မဟုတ် ဗြမ္မာ့ဦးခေါင်း

Must read

By မောင်း

“လက်ညှိုးညွှန်ရာရေ” ၊ “လက်နဲ့ထိတိုင်းရွှေ”

ဤသည်မှာ မြန်မာ့လူ့အသိုက်အဝန်းတွင် မသိသူရှားသည့် ဆိုရိုးစကားများ ဖြစ်သည်။ ကြံစည်လုပ်ဆောင်သမျှ အောင်မြင်နေသူတဦးဦးအပေါ် ဂုဏ်ပြုတင်စားသည့် စကားအဖြစ် သုံးတတ်ကြ၏။ စစ်အာဏာရူး မင်းအောင်လှိုင် ဖြစ်ချင်သည်က ဤနှယ်ပုဂ္ဂိုလ်မျိုးဖြစ်သည်။

ရာဇဝင်တွေ ပုံပြင်တွေထဲကလို လက်ညှိုးညွှန်ရာရေ၊ လက်နဲ့ထိတိုင်းရွှေ ဖြစ်စေသော ဂုဏ် အရှိန်အဝါ တောက်ပြောင်ကြီးမားသူတစ်ဦး ဘ၀ ရလို ရောက်လိုသော မင်းအောင်လှိုင်ဖြစ်သည်။ သို့သော် လက်ရှိ သူပိုင်ဆိုင်နေရသည်က “ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ” ဆိုသည့် စကားပုံလို ဘဝမျိုးသာ ဖြစ်နေလေသည်။

ကံကောင်းထောက်မစွာ တပ်ချုပ်ကြီးဘွဲ့ရခဲ့သော်လည်း သူ့အလှည့်တွင်မှ ရှေးရှေးက တပ်ချုပ်ကြီးများလို နိုင်ငံ့အကြီးအကဲဘ၀ တစ်ပါတည်းခံယူခွင့်မရ။ တပ်ချုပ်အဖြစ် ၁၀စုနှစ်တခုကြာ ရှိခဲ့သော်လည်း အစိုးရနှစ်ဆက် သမ္မတများကို အလေး ပြုနေရသည့် တပ်ချုပ်ဖြစ်သည်။

သည်ကြားထဲ ညွှန်ကြားရေးမှူးချုပ် အဆင့်သာရှိသည်ဟု အနှိမ်ခံခဲ့ရသေးသည်။ ထို့ကြောင့် စိတ်ထဲတွင် တေးထားသည်။ တပ်ချုပ်အဖြစ်မှ အနားယူသည့်အခါ သမ္မတအဖြစ် နိုင်ငံကို အုပ်ချုပ်မင်းလုပ်မည်ဟူ၍..။

သို့သော် ပြည်သူတွေက သူ့ကိုရော၊ သူကျောထောက်နောက်ခံပေးထားသော၊ သူအနိုင်ရစေလိုသောပါတီကို ရွေးကောက်ပွဲတွင် ဖုတ်လေသည့် ငါးပိ ရှိသည်ဟုပင် မထင်မှတ်ကြ။ ထို့ကြောင့် သမ္မတဖြစ်ဖို့ဝေးစွ၊ လက်ရှိ တပ်ချုပ်ရာထူးမှာပင် မရေရာ မသေချာသည့် အခြေအနေတွေဖြစ်လာသည်။

ထို့ကြောင့် သမ္မတဖြစ်ချင်ဇောနဲ့ အာဏာသိမ်းလိုက်သည်။ သည်တခါတော့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နိုင်သည့် အကြီးအကဲ ဖြစ်ခွင့်ရပြီဟု သူထင်မှတ်မိသည်။ သည်တကြိမ်တွင်လည်း မင်းအောင်လှိုင်တယောက် အထင်နှင့်အမြင် တက်တက်စင်လွဲပြန်ပါသည်။ လူထုတရပ်လုံးက တော်လှန်ပုန်ကန်ကြလေ၏။

ထို့ကြောင့် မင်းအောင်လှိုင်ဒေါပွသည်။ ပုန်ကန်သူတွေကို ရက်စက်နည်းပေါင်းစုံဖြင့် ဖြိုခွဲဖိနှိပ်ရန် အမိန့်တွေ ပေးတော့သည်။ ဤသို့ဖြင့် မင်းအောင်လှိုင်တစ်ယောက် ပြည့်ရှင်မင်းလုပ်ရန် ကြိုးပမ်းနေစဉ်မှာပင် တိုင်းပြည်က ဖွတ်ဖွတ်ကျေတော့သည်။

ရပ်နီး၊ ရပ်ဝေးက မိတ်ဆွေတွေကလည်း ၃၈ဖြာမင်္ဂလာ တရားတော်တွေကို သိနေသည့်အလား သူ့ကို ဝေးဝေးရှောင်ကုန်ကြသည်။ ကိစ္စ မရှိ၊ သူ့တွင် “သူတော်ချင်း သတင်းလွေ့လွေ့”ဟု ဆိုရမည့် အပေါင်းအသင်းတွေ ရှိနေသေးသည်။

ထိုသူတွေထံ အပူကပ်သည်။ သူတို့ အကူအညီဖြင့် အများအသိအမှတ်ပြုသော ပြည့်ရှင်မင်းဖြစ်ရေး အိပ်မက်ကို ဆက်မက်ပြန်သည်။ ဤသို့ဖြင့် ကမ္ဘောဒီးယား အာဏာရှင် ဟွန်ဆန်တယောက် မင်းအောင်လှိုင်ထံ ရောက်လာ၏။

မြန်မာ့အရေး ဖြေရှင်းရေးဆိုသော တဖက်လှည့်ခေါင်းစဉ်ဖြင့် မင်းအောင်လှိုင်ကို အကူအညီပေးရန် ကြိုးစားသည်။ များမကြာမီ ဟွန်ဆန်တယောက် အမေရိကန် အလည်သွားရင်း သူ့နိုင်ငံသားက ဖိနပ်ဖြင့် ပေါက်ခြင်းခံရလေသည်။

ထိုဖြစ်ရပ်အပြီး ကာလအတန်ကြာသောအခါ မင်းအောင်လှိုင်ကို ပြည့်ရှင်မင်းအဖြစ် အသိအမှတ်ပြုမည့်သူတဦး မြန်မာသို့ရောက်လာသည်။ သီရိလင်္ကာနိုင်ငံ သံအမတ်ဖြစ်သည်။ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခြင်းဆိုသည်မှာ မင်းအောင်လှိုင်ကို နိုင်ငံ့အကြီးအကဲအဖြစ် တရားဝင် အသိအမှတ်ပြုသည့် သဘောဖြစ်သည်။

မူလကတည်းက ပြည့်ရှင်မင်းတျားကြီး ဖြစ်လိုသော မင်းအောင်လှိုင်အဖို့ သီရိလင်္ကာသံအမတ် ခန့်အပ်လွှာ လာပေးသည့်အပေါ် သည်းခြေကြိုက် ကိစ္စဖြစ်သည်။ ထို့ကြောင့် တခမ်းတနား ပြုံးပြုံးပျော်ပျော် လက်ခံတွေ့ဆုံပြသည်။ ရှားရှားပါးပါး ပြည့်ရှင်မင်းအဖြစ် အသိအမှတ်ပြုလာသူမဟုတ်လား..။

ဤနှယ် တွေ့ဆုံကြအပြီး တစ်လကျော်သာ ကြာလိုက်သည်။ သီရိလင်္ကာနိုင်ငံက ဒေဝါလီခံရသည်။ မင်းအောင်လှိုင်ထံ သံအမတ်စေလွှတ်သော သီရိလင်္ကာ သမ္မတလည်း နိုင်ငံက ခွေးပြေးဝက်ပြေး ပြေးရပြန်သည်။ မှန်ကန်မျှတမှုမရှိသော အုပ်ချုပ်စီမံမှုကြောင့် ဒုက္ခနွံထဲသက်ဆင်းနေရမှုကို ပြည်သူတွေ သည်းမခံနိုင်တော့ခြင်းကြောင့် ဖြစ်သည်။

သီရိလင်္ကာသမ္မတ နိုင်ငံကထွက်ပြေးရခြင်းနှင့်အတူ မင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ရှားရှားပါးပါး တရားဝင် အသိအမှတ်ပြုလာသည့် နိုင်ငံတခု ပြန်လည်လျော့ပါးသွားလေသည်။

လက်နှင့်ထိတိုင်းရွှေ ဖြစ်လိုသော စစ်ခေါင်းဆောင်၏ ကံဆိုးမှုတွေက သည်လောက်နှင့်မရပ်သေးပါ။ ဟိုရပ်ဝေး ရုရှားတိုင်းပြည်ထဲက တာတာစတန် သမ္မတဆိုသူကလည်း မင်းအောင်လှိုင်နှင့် လာရောက်တွေ့ဆုံ သည်။

သမ္မတ ချင်းတွေ့ဆုံမှုအဖြစ် သူက မှတ်ယူပုံရသည်။ စစ်တပ်၏ သတင်းထုတ်ပြန်ရေး ယန္တရားတွေက မင်းအောင်လှိုင်ကို အမွှန်းတင်လိုတော့ တာတာစတန်သမ္မတနိုင်ငံ၏ သမ္မတနှင့်တွေ့ဆုံကြောင်း သတင်းတွေ ခမ်းခမ်းနားနား ထုတ်ပြန်ခဲ့ကြသည်။

သိပ်မကြာခင်မှာပင် တာတာစတန်ဆိုသည်မှာ နိုင်ငံမဟုတ်ဘဲ ရုရှားနိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချု ပ်ခွင့်ရဒေသ တခုသာဖြစ်ကြောင်း တုံ့ပြန် ရှင်းလင်းချက်တွေ ပေါ်လာတော့ အရှက်တော် ဗြန်းဗြန်းကွဲရပြန်သည်။ ယခုတော့ တာတာစတန် သမ္မတဆိုသူကြီးခမျာလည်း သမ္မတဟု ဆက်လက်သုံးစွဲခွင့်ရမည် မဟုတ်တော့ပေ။

ရုရှားနိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ အကြီးအကဲတွေကို သမ္မတဟု သုံးစွဲနေမှုကို ပူတင်က ဥပဒေထုတ်၍ ပိတ်ပင်လိုက်ခြင်းကြောင့်ဖြစ်သည်။ ပူတင်တယောက် ဤသို့ ဥပဒေထုတ်ပြန်မှုကို စိတ်အဆိုးဆုံး လူသားမှာ မင်းအောင်လှိုင်ပင် ဖြစ်ဖွယ်ရှိသည်။

ပြည့်ရှင်မင်းဘ၀ ခံယူလိုလှပြီဆိုကာမှ ထိုတာတာစတန် သမ္မတဆိုသူကိုသာ ဖယ်လိုက်ပါက ယခုအချိန်အထိ မင်းအောင်လှိုင်တယောက် တူတူတန်တန် တွေ့ဆုံရသော ပြည်ပနိုင်ငံ့ခေါင်းဆောင်တစ်ဦးမျှမရှိသေး။

နိုင်ငံအကြီးအကဲမဟုတ်သည့်တိုင် ကမ္ဘာ့အဆင့် ထိပ်တန်းခေါင်းဆောင် စာရင်းထဲတော့ ထည့်ရမည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုယ်တိုင် မြန်မာသို့လာတော့လည်း မင်းအောင်လှိုင်ကိုတော့ တွေ့မသွား။

ခေတ်အဆက်ဆက် စစ်လက်နက်နှင့် နည်းပညာတွေ ပင်တိုင် ဝယ်ယူအားပေးနေသည့် ခေါင်းဆောင်ကြီး ပူတင်၏ ရုရှားမြေသို့ သွားပြန်တော့လည်း ခေါင်း ဆောင်ကြီးနှင့် တွေ့ခွင့်မရသည့်အပြင် တူတူတန်တန်ပင် ဆက်ဆံမခံရ။

ဒါလည်း ကိစ္စမရှိ။ ပူတင်နှင့်မတွေ့ရလည်း ဟိုဌာန၊ ဒီဌာနတွေက ပုဂ္ဂိုလ်တွေနှင့်တွေ့ဆုံလိုက်လျှင် စစ်တပ်ဝါဒဖြန့်ချီရေး မီဒီယာတွေထဲ စကားလုံးကြီးကြီးရေးစရာတွေ ရပြီဖြစ်သည်။ ရုရှား အာကာသနှင့် နျူးကလီးယား အေဂျင်စီအကြီးအကဲနှင့် မင်းအောင်လှိုင်တွေ့သည်ဟု သတင်းတွေဖတ်ရသည်။

သိပ်မကြာလိုက်ပါ။ ရုရှား နိုင်ငံ၏ ဘတ်ဂျတ်သုံးစွဲမှုနှင့် အကောင်အထည် ဖော်မှုများအရ အောင်မြင်မှုမရှိဆုံးနှင့် လေလွင့်မှုအများဆုံးဌာနမှာ အာကာသအေဂျင်စီ ဖြစ်သည်ဟု ဝေဖန်ခံရကာ မင်းအောင်လှိုင်နှင့် တွေ့သည်ဆိုသည့် အာကာသအေဂျင်စီ အကြီးအကဲလည်း ရာထူးမှ ဖြုတ်ခံရပြန်သည်။

အာဏာရူးသော မင်းအောင်လှိုင်တယောက် ဖြစ်ချင်သည်က “လက်ညှိုးညွှန်ရာ ရေ” ဖြစ်သည့် ပုဂ္ဂိုလ်။ သို့ရာတွင် မင်းအောင်လှိုင် လက်တွေ့ဖြစ်နေသည်က တော့ ထိတွေ့ ဆက်ဆံသူ မှန်သမျှကို ဒုက္ခတွေ့စေသော “ဗြမ္မာ့ဦးခေါင်း”ဟု ဆိုရတော့မည်သာ…။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article