37 C
Yangon

“မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ ကဒါဖီ ဆဒန်ဟူစိန် တို့ လို ဇတ်သိမ်း တာမျိုးထက် အများကြီး ဆိုးပါလိမ့်မယ်။ ကမ္ဘာ့စံချိန်ချိုးပါလိမ့်မယ် ။ သူတို့ရဲ့ အပြုအမူကလည်း ပိုဆိုးတာကိုး”

Must read

UNA ပြောခွင့်ရ ပုဂ္ဂိုလ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဦးမျိုးကျော်နှင့်ဆက်သွယ်မေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင် သတ်ဖြတ်လိုက်မှုသည် တရားဥပဒေနှင့် မကိုက်ညီဘဲ လူမဆန် တရားနည်းလမ်းမကျသဖြင့် ပြင်းပြင်းထန်ထန် ကန့် ကွက်ရှုတ်ချကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ခုဖြင့် ဖွဲ့စည်းထားသော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA က ကြေညာ ချက် ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး UNA ပြောခွင့်ရ ပုဂ္ဂိုလ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဦးမျိုးကျော်နှင့်ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဒီနေ့ မနက် တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းစရာသတင်းဖြစ်တဲ့ ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နှင့်ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင်လိုက်တယ်။ အဲဒီအပေါ်မှာ UNA က ကြေညာချက်ထွက်လာတော့ ဒီအပေါ်မှာ ရှင်းပြပေးပါ။

ဖြေ။ ။ ကျနော်တို့နိုင်ငံမှာကတော့ ဒီလိုဟာမျိုး က ကောင်းတဲ့အစဉ်အလာတော့မဟုတ်ဘူးပေါ့နော်။ လွန်ခဲ့တဲ့ တော်လှန်ရေးကောင်စီခေတ်မှာလည်း ဒီပုံစံမျိုးနဲ့ပဲ နေပြီးတော့ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးကို ကြိုးဒဏ်ပေးခဲ့တယ်လေ။

ဒါတွေကလည်း ကျနော်တို့နိုင်ငံရဲ့ ဖြစ်စဉ်သမိုင်းမှာ အင်မတန် အရုပ်ဆိုး အကျဉ်းတန်ပေါ့။ ဒီနေ့လည်း ဒီသတင်းကြားတဲ့အချိန်မှာ ကျနော်တို့ အင်မတန် Shock ဖြစ်တယ်။ အခု ပြုမူလိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကတော့ အင်မတန်ကို နိုင်ငံအတွက် အကျဉ်းအရုပ်ဆိုးစေတယ်။ သူတို့ကတော့ ပြည်သူတွေကို အကြောက်တရားပေးပြီး ခြောက်လှန့်လိုက်တယ်။

ဒါပေမယ့် ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း ဒီဖြစ်စဉ်က အခု သူတို့အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံမှာ အသက်ပေးသွားတဲ့ပြည်သူတွေလည်း မနည်းပါဘူး။ အသက်အိုးအိမ် ပျက်စီးသွားတာလည်း မနည်းပါဘူး။ အဲဒီအတွက်မှာတော့ ကျနော်တို့ အတွက် စိတ်မကောင်းမှုလည်းဖြစ်တယ်။ နိုင်ငံတော်ရဲ့ ပြယုဒ်လည်း ကမ္ဘာ့အလယ်မှာ ရှက်ဖွယ်တိတိဖြစ်တယ်။

အဲဒါတွေကြောင့် UNA က ကန့်ကွက်ကြောင်း ထုတ်ပြန်ခြင်းဖြစ်ပါတယ်။

မေး။ ။ နိုင်ငံတကာက ပြောနေတဲ့ တွေ့ဆုံဆွေးနွေးဆိုတာက ဘယ်လို မြင်ရလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ အခုပုံစံကတော့ ပိုပြီးတော့ ဝေးသွားတယ်။ ဒီ အခုလက်ရှိ အာဏာသိမ်းတဲ့ အစိုးရနဲ့ ပြောဆိုဆက်ဆံဖို့ဆိုတာကတော့ အာဆီယံနိုင်ငံတွေက ကြားဝင်ပြီး ပြောမယ်ဆိုတဲ့ဟာမျိုးတောင်မှ သူတို့ဘက်ကတောင်မှ လုပ်ဖို့ ခက်ခဲသွားလိမ့်မယ်။ နိုင်ငံတကာကလည်း ဆွံ့အသွားမှာပဲ ဒီသတင်းကြားတဲ့အခါမှာ။

နောက်တစ်ခါ ပြည်တွင်းမှာကလည်း အခုလိုအနေအထားမျိုးမှာ ဘယ်လို အဖွဲ့အစည်းမျိုးကကော စစ်ကောင်စီ နဲ့ စကားပြောလိုပါတော့မလဲ။ နောက်တစ်ခါပြောတဲ့အဖွဲ့အစည်းတွေအပေါ်မှာ G-Z တွေကအစ ခံနေရတဲ့ ပြည်သူတွေဘက်ကတော့ ဘယ်လိုမှ အမြင်မတင့်တယ်တဲ့ အနေအထားဖြစ်သွားပါပြီ။

ရန်/ငါစည်းကတော့ ပြတ်သွားပါပြီ။ ရန်/ငါစည်းကတော့ ပြတ်သွားပြီလို့ ကျနော်တို့ ယူဆပါတယ်။ အများကြီး သက်ရောက်မှုရှိပါတယ်။

မေး။ ။ လက်ရှိ အခြေအနေက ဘယ်လောက်အထိ ဆိုးသွားနိုင်သလဲ။

ဖြေ။ ။ ကျနော်တို့ မြင်တာကတော့ နိုင်ငံကတော့ Failed State ကို သွားနေတာပါပဲ။ သူတို့တွေကလည်း နဂိုအာဏာမသိမ်းခင်ကလည်း ပြောတယ်။ အာဏာသိမ်းပြီးတော့လည်းပြောတယ်။ သူတို့ မလုပ်ဝံ့တာ ဘာမှ မရှိဘူးဆိုပြီး ပြောပြီး တက်လာတာမျိုးကိုဗျ။ ဆိုတော့ ဒီဟာက သူတို့ကလည်း မိုက်မဲစွာပဲ အဲဒီနေရာသွားနေတာပဲလေ။ အဲဒီတော့ သူတို့လည်း တစ်ဖက်မှာတော့ ပြည်သူတွေကို အကြောက်တရားတွေနဲ့ ထိတ်လန့်အောင် လုပ်ပေမယ့် သူတို့လည်း မအေးချမ်းပါဘူး။ သူတို့လည်း အခုလောက်ဆို ပြေးလမ်းတောင်မှ ပြင်ထားပြီလို့ ထင်ပါတယ်။

မေး။ ။ ၂၀၂၃ ရွေးကောက်ပွဲဆိုတဲ့ဟာတွေက ဘယ်လိုဖြစ်လာနိုင်မလဲ။ ဒီလောက်ကြီး စစ်တပ်က ရက်စက်ယုတ်မာနေတော့လေ။

ဖြေ။ ။ ကျနော်တော့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အုပ်ချုပ်တဲ့ အာဏာသိမ်းလိုက်ပြီးကတည်းက သူတို့ရဲ့ အုပ်ချုပ်တဲ့ ယန္တရားဟာ ဘယ်နေရာမှ မအောင်မြင်ဘူး။ ငွေကြေးအကျပ်အတည်းဖြစ်တယ်။ နိုင်ငံတကာက ပိတ်ဆို့လာတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံတကာ ကုမ္ပဏီကြီးတွေက ပြန်ပြီးတော့ ရုပ်သိမ်းသွားတယ်။

အခုဆိုရင် လောင်စာစျေးက အစ တက်တယ်။ ကုန်စျေးနှုန်းတွေတက်တယ်။ ပြည်သူတွေ ငွေကြေးအခက်အခဲတွေ ဖြစ်တယ်။ နောက်ဆုံးပညာရေး ကျန်းမာရေး အဘက်ဘက်ကနေ ခြွတ်ခြုံကျသွားတယ်။ ကျနော်တို့ဘ၀မှာ တစ်ခါမှ မကြားဖူးတာမျိုးပေါ့။ ကျောင်းတွေက အစ တက်လို့မရဘူး။ ကျောင်းတက်ပြန်ရင်လည်း အပြစ်၊ မတက်ပြန်ရင်လည်း အပြစ်။ နောက်တစ်ခုက နိုင်ငံမှာ ရှိတဲ့ ဝန်ထမ်းတော်တော်များများကလည်း သူတို့ရဲ့ အမိန့်အာဏာကို မနာခံဘူး။ CDM လုပ်ကြတယ်။ ဒီဟာတွေအကုန်လုံးကတော့ သူတို့ရဲ့ ကျဆုံးမှု ကို ပြနေတဲ့ ရေချိန်တွေပဲလို့ ပြောချင်ပါတယ်။

မေး။ ။ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ အနာဂတ်နဲ့ ထွက်ပေါက် ဘယ်လိုမြင်ရလဲ။

ဖြေ။ ။ သူတို့ရဲ့အနာဂတ်ကတော့ ကျနော်မြင်သလောက်တော့ ဘယ်လိုမှ မသေချာဘူး။ အာဏာသိမ်းထားတာ ၁ နှစ်ကျော်၊ ၂ နှစ်နီးပါးကို ရောက်လာပြီ။ အခုအချိန်အထိ သူတို့ကို ထောက်ခံတဲ့နိုင်ငံ အသိအမှတ်ပြုတဲ့နိုင်ငံ မရှိသလောက်ပဲ။ မရှိပါဘူးပေါ့။ အခုနေပြီးတော့ မြန်မာနိုင်ငံကို အမြဲတမ်းအထောက်အပံ့ပေးခဲ့တဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်ကတောင်မှ နိုင်ငံခြားရေးဝန်ကြီး လာတဲ့အချိန်မှာ သူတို့ အသိအမှတ်ပြု လာရောက်တွေ့ဆုံ တာမရှိဘူး။ မင်းအောင်လှိုင်ကို မတွေ့ဘူး။ မကြာခင်ကမှ သူတို့ရဲ့အားကိုးရာ စီးပွားဘက်ကြီးဖြစ်တဲ့ ရုရှားကို မင်းအောင်လှိုင် ရုရှား သွားတဲ့အချိန်မှာလည်း သူ့ကို ဘယ်သူမှ အရေးတယူ တွေ့ဆုံ တာမရှိဘူး။ ဆိုတဲ့အနေအထားပေါ့။ သူတို့ဆီလာတာက အာဆီယံ အလှည့်ကျဥက္ကဋ္ဌကတော့ တာဝန်အရ လာတယ်။ ဒါပေမယ့် အခုအချိန်မှာ သူတို့ရဲ့ အာဆီယံမူ ၅ ချက်ဆိုတာက ဘယ်လိုမှ အကောင်အထည်ဖော်နိုင်တော့မှာမဟုတ်ဘူး။ အာဏာသိမ်းထားတဲ့ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေတောင်မှ ဒီနေ့ ပြုလိုက်တဲ့ အပြုအမူကို တော်တော်လေး တုန်လှုပ်ပါလိမ့်မယ်။ တော်တော်လေး သက်ရောက်ပါလိမ့်မယ်။ ဒီတော့ မင်းအောင်လှိုင်အနေနဲ့ကတော့ သူ့ရဲ့ အနာဂတ်လားရာ မကောင်းဘူး။

မေး။ ။ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေက အရင်လို သန်းရွှေလို ကောင်းကောင်းမွန်မွန်ပဲ လုပ်ချင်ရာ လုပ်ပြီး နေသွားနိုင်ဖို့ရော လမ်းမြင်လား။ဒါမှမဟုတ် ကမ္ဘာ့နိုင်ငံတွေရဲ့ အာဏာရှင်တွေလို ဇတ်သိမ်းမလှတာမျိုးဖြစ်နိုင်လား။

ဖြေ။ ။ အများကြီးဖြစ်နိုင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့နိုင်ငံသမိုင်းမှာ တစ်ခါမှာ ပြည်သူတွေဒီလောက်အထိ ဆန့်ကျင်တာမျိုး မရှိခဲ့ဘူး။ ပထမ ဦးနေဝင်း တော်လှန်ရေးကောင်စီ အာဏာသိမ်းခဲ့တာရှိတယ်။ ဒီဘက်မှာ ၈၈ ဗိုလ်ချုပ်စောမောင်တို့ သိမ်းတာရှိတယ်။ ဦးသန်းရွှေ ဆက်ခံတာရှိတယ်။ ဒါပေမယ့် အဲဒီတုန်းက အာဏာသိမ်းခဲ့ပေမယ့် အခုလို လူထုက အာဏာဖီဆန်ပြီးတော့ သူတို့ရဲ အုပ်ချုပ်မှု အာဏာကို ဆန့်ကျင်ပြီး တော်လှန်တဲ့ဟာက အခုလို လူထုအနေနဲ့ တော်လှန်တာက အချိန်အားဖြင့်လည်း ကြာတယ်။ လူထုက ဘယ်လိုမှ နေပြီး လက်မခံတာကို ပြည်သူဘက်က ရှင်းလင်းပြတ်သားစွာနဲ့ချတာ။ သူ့အနေနဲ့ ဆိုရင်တော့ ကျနော်ထင်တယ်လေ။ ကမ္ဘာမှာတော့ သူတို့အနာဂတ်က တကယ့် စံပြ ဖြစ်ပါလိမ့်မယ်။

ကမ္ဘာ့စံချိန်ချိုးပါလိမ့်မယ်။ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ ကဒါဖီ၊ ဆဒန်ဟူစိန် တို့လို ဇတ်သိမ်းတာမျိုးထက် အများကြီး ဆိုးပါလိမ့်မယ်။ ကမ္ဘာ့စံချိန်ချိုးပါလိမ့်မယ် ။ သူတို့ရဲ့ အပြုအမူကလည်း ပိုဆိုးတာကိုး။

ဓာတ်ပုံ- ICJ တရားရုံးရှေ့တွင် ဇူလိုင်လ ၂၂ ရက်နေ့ ဆန္ဒပြပွဲမှ မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်ခေါင်းဆောင်များကို ခြေထောက်ဖြင့် နင်း ဆန္ဒပြနေစဉ်။

Photo- Peter Dejong/AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article