33 C
Yangon

မြန်မာစစ်ကောင်စီရဲ့ MRTV အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုများကို အမေရိကန်နှင့် ကနေဒါ ရုပ်သံဝန်ဆောင်မှု ကုမ္ပဏီများက ပိတ်ပင်

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ရဲ့ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုကို ဖယ်ရှားပိတ်ပင်လိုက် ပြီဖြစ်ကြောင်း ကနေဒါအခြေစိုက် ရုပ်သံတိုက်ရိုက်ထုတ်လွှင့်တဲ့ ဝန်ဆောင်မှုကုမ္ပဏီ Castr က အတည်ပြု ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ MRTV ရုပ်သံအတွက် ဝက်ဘ်ဆိုဒ်နဲ့ အပ်ပလီကေးရှင်းအသစ်မှာ တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် Castr ကို အသုံးပြုနေတာ ဖြစ်ပါတယ်။ အဲ့ဒီ ဝက်ဘ်ဆိုဒ်နဲ့ အပ်ပလီကေးရှင်းကို စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ မေလမှာ ဂုဏ်ယူစွာနဲ့ ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ MRTV မှာ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်တဲ့ ဝန်ဆောင်မှုကို ပေးနေတဲ့ အမေရိကန်ကုမ္ပဏီ Dacast က ၄င်းတို့ကို ပိတ်ပင်လိုက်ပြီးနောက်၊ Castr ကို ပြောင်းလဲသုံးစွဲခဲ့တာဖြစ်ပြီး၊ ယခုအခါ Castr ရဲ့ ထပ်မံပိတ်ပင်ခြင်းကို ခံရတာလည်း ဖြစ်ပါတယ်။

Justice for Myanmar ကလည်း ၄င်းတို့အနေနဲ့ Castr ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အသိပေးအကြောင်းကြားပြီးနောက် Castr က ခုလို MRTV ကို မြန်မြန်ဆန်ဆန်နဲ့ အရေးယူဆောင်ရွက်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

Castr အပြင် အခုအပတ်ထဲမှာပဲ အမေရိကန်ရုပ်သံပလပ်ဖောင်း Vimeo ကလည်း MRTV တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ပိတ်ပင်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ MRTV အပေါ် ပြန်လည်စစ်ဆေးသုံးသပ်မှု တစ်ရပ်ပြုလုပ်မယ်လို့ ကြေညာခဲ့ပြီး၊ အစောပိုင်း တိုက်ရိုက်ထုတ်လွှင့်တာကို ဖြုတ်ချခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာမှာ အခုလို ပိတ်လိုက်တာဖြစ်တယ်လို့ Vimeo က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

MRTV ဟာ “ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်ရဲ့ အသုံးပြုသူတွေ လိုက်နာရမယ့် စည်းကမ်းတွေ” ကို ချိုးဖောက်ခဲ့တယ်လို့ Vimeo က ပြောကြားခဲ့ပါတယ်။

MRTV ဟာ တရားမဝင်စစ်ကောင်စီရဲ့ ထိမ်းချုပ်ခံ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင် ရုပ်သံလိုင်းတစ်ခု ဖြစ်ပြီး၊ မြန်မာစစ်တပ်ဟာ စိတ်ဓါတ်စစ်ဆင်ရေးအနေနဲ့ အမုန်းစကားနဲ့ သတင်းမှားတွေကို MRTV ကို အသုံးပြုပြီး ဖြန့်ဝေနေတာလည်း ဖြစ်ပါတယ်။

အခုလို Castr နဲ့ Vimeo တို့က MRTV တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ပိတ်ပင်ခဲ့ပေမဲ့၊ Google နဲ့ Apple ကဲ့သို့သော ကုမ္ပဏီကြီးတွေဟာ စစ်ကောင်စီကို သူတို့ရဲ့ အပ်ပလီကေးရှင်းစတိုးတွေကို ဆက်ပြီး အသုံးပြုခွင့် ပေးနေတာကြောင့်၊ ၄င်းတို့အနေနဲ့ MRTV နဲ့ မိုင်တဲလ်အပ်ပလီကေးရှင်းတွေ အပါအဝင် စစ်ကောင်စီနဲ့ ပတ်သတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ချက်ချင်း ပိတ်ပင်အရေးယူဖို့ တောင်းဆိုပါတယ် လို့ Justice for Myanmar အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article