28 C
Yangon

ရန်ကင်းရှိ စစ်တပ်ပိုင် မိုးကောင်းရတနာဆေးရုံနှင့် မြ၀တီမီဒီယာ စင်တာ ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီး လူထိခိုက်မှု မရှိဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ ယခင် စစ်တပ်မှတ်တမ်းရုံးကို အသွင်ပြောင်းထားသော စစ်တပ်ပိုင် မြ၀တီမီဒီယာစင်တာနှင့် မိုးကောင်းရတနာဆေးရုံကို ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် ရှော့တိုက်ဒုံးဖြင့် အပစ်ခတ်ခံရသည်ဟု စစ်တပ်ဘက်တော်သား သတင်းဌာနတချို့က သတင်းဖော်ပြကြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ယမန်နေ့ ညပိုင်း စစ်တပ်ပိုင် မြ၀တီမီဒီယာစင်တာအနီးတွင် ပြင်အားမြင့် မိုင်းပေါက်ကွဲကြောင်း ဒေသခံများကို ကိုးကား၍ သတင်းဖော်ပြခဲ့ပြီး စစ်တပ်ဘက်တော်သား သတင်းဌာနတချို့က ယနေ့ နံနက်ပိုင်းတွင်မှ ရှော့တိုက်ဒုံးဖြင့် အပစ်ခံရသည်ဟု ဖော်ပြလာခြင်းဖြစ်သည်။

“ရန်ကင်း မြဝတီရုပ်သံအစီအစဉ်တွေရိုက်တဲ့ မြ၀တီမီဒီယာစင်တာ ရုံး နားမှာ ဗုံးပေါက်ကွဲတဲ့ အသံ အကျယ် ကြီး ကြား ရပါ တယ်။ အိမ်ပါ တုန်သွားတာ။ ကျနော်တို့က ရန်ကင်းဆိုတော့ အသံအရမ်းကျယ်တဲ့အပြင် အိမ်ပါတုန်တယ်။ တောင်ဥက္ကလာတို့ သင်္ဃန်းကျွန်းတို့ဘက်ကလည်း ကြားရတယ်။ ပေါက်ကွဲသံကို ။ တော်တော်ပြင်းတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

အဆိုပါ မြဝတီမီဒီယာစင်တာကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ယမန်နှစ်အတွင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ပိုင် မိုးကောင်းရတနာပုဂ္ဂလိကဆေးရုံနှင့်တွဲဖက်ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

စစ်တပ်ဘက်တော်သားသတင်းဌာနတချို့က စစ်တပ်ပိုင် မိုးကောင်းရတနာဆေးရုံကို ရှော့တိုက်ဒုံးဟုယူဆရသော လက်နက်ဖြင့် ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်တွင် ပစ်ခတ်ခဲ့ပြီး မိုးကောင်းရတနာဆေးရုံရှေ့ခြံစည်းရိုးခတ်ထားသည့် ဘောလုံးကွင်းအတွင်းမှ ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့်ဘောလုံးကွင်းခြံစည်းရိုးရှိ ကျွန်းပင်အားထိမှန်ကာ ကျွန်းပင်ကျိုးကျခဲ့ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း၊ ဆေးရုံအုတ်နံရံအား ဆက်လက်ထိမှန်ကာ အုတ်နံရံတွင်လေးလက်မခန့်အပေါက်ဖြစ်ခဲ့ကြောင်း၊ ဘောလုံးကွင်းအတွင်း သံကြွပ်အပိုင်းအစများ၊ အလျားသုံးပေရှိ PVC ပိုက်အခြမ်း၊ ဘက်ထရီအိုးတစ်လုံးတွေ့သဖြင့် ရှော့တိုက်ဒုံးဟုယူဆရသော လက်နက်ဖြင့်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း သတင်းဖော်ပြထားသည်။

ရန်ကင်းဒေသခံတချို့ကမူ ယမန်နေ့ညပိုင်း မိုးကောင်းရတနာဆေးရုံနှင့် မြ၀တီမီဒီယာစင်တာကို စစ်တပ်က လုံခြုံရေး အပြည့်ဖြင့် တပ်ချပြီး စစ်ဆေးမှုများ လုပ်ဆောင်သည့်အပြင်ရန်ကင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ မြန်မာပလာဇာအနီးတို့တွင် စစ်ကားများဖြင့် လှည့်လည်ကြောင်း၊ ဂိတ်ချစစ်ဆေးမှုများကိုလည်း လုပ်ဆောင်ကြောင်း၊ ပစ်ခတ်သံတချို့ကိုလည်းကြားခဲ့ရကြောင်း ပြောဆိုကြသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် ယမန်နှစ်ဖွင့်လှစ်ခဲ့သော စစ်တပ်ပိုင် မိုးကောင်းရတနာဆေးရုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article