37 C
Yangon

ရွှေပြည်သာတွင် ရာအိမ်မှူး ဝင်းနိုင်နှင့်ထွန်းမင်းတို့ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ရွာငံတွင် PDF ကြောက်၍ CCTV တပ်ထားသော ပျူစောထီး တင်မိုး အသတ်ခံရပြီး သေနတ်သမားများကို CCTV တွင်မြင်ရသော်လည်း ဖမ်းမမိ၊ ထားဝယ်နှင့်ဓနုတွင်လည်း ကြံဖွတ်နှင့်သတင်းပေး ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၅ ရပ်ကွက် ရာအိမ်းမှူး ပျုစောထီးခေါင်းဆောင် ဝင်းနိုင်နှင့် ရာအိမ်မှူး ထွန်းမင်းတို့ ၂ ဦး ယနေ့ နံနက်ပိုင်း လက် ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် ရာအိမ်မှူး ပျူစောထီးခေါင်းဆောင် ဝင်းနိုင်နှင့်ရာအိမ်မှုးထွန်းမင်းတို့နှစ်ဦးသည် ရွှေပြည်သာမြို့နယ် ၁၅ ရပ်ကွက် ရုံးဘေးလက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက လာရောက်ပစ်ခတ်ရာ ရာအိမ်မှူး ဝင်းနိုင် သေဆုံးသွားကြောင်း၊ ရာအိမ်မှူးထွန်းမင်းမှာမူ ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း ၊ ပစ်ခတ်မှုကို ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် YUGA(MO-7 Eagles) အဖွဲ့မှရဲဘော်များက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရှိရသည်။

” ဝင်းနိုင်က စကစ က ဖွဲ့ပေးတဲ့ ရပ်ကွက် ပြည်သူ့လုံခြုံရေးအဖွဲ့ထဲမှာ ဦးစီးဦးဆောင်ပါတယ်။ သတင်းပေးလည်းလုပ်ပါတယ်။ သူကြောင့် ဒုက္ခရောက်ခဲ့တဲ့သူတွေလည်း ရှိပါတယ်။ အတတ်နိုင်ဆုံး အပြစ်မဲ့ပြည်သူတွေ မထိအောင် ဆောင်ရွက်ခဲ့ပါတယ်” ဟု YUGA မှ ဗိုလ်နွေဦးက ပြောသည်။

အလားတူ ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်အချိန် တနင်္သာရီတိုင်း ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်၊နဘုလယ်ဒေသ၊မူးဒူးရွာရှိ ပျူစောထီးသွေး သောက်ဖွဲ့ဝင်ပိုင်သန်းကို ရာဘာခြံအတွင်း၌ အမည်မသိ သေနတ်သမားတချို့က ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“သေနတ်အသံကျယ်လောက်စွာကြားလိုက်ရတယ်။အနီးနားကလူတွေသွားကြည့်တာ ခန္ဓာကိုယ်နှံ့သေနတ်ဒဏ်ရာများနဲ့သွေးအိုင်ထဲ သေနေပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပိုင်သန်းသည် ယခင်ကကြံ့ဖွတ်ပါတီဝင်ဖြစ်၍ နောက် ပိုင်းတွင် ပျူစောထီးသွေးသောက် အဖွဲ့ဝင်တစ်ဦးဖြစ်လာ​ပြီးလက်နက်ကိုင်ဆောင်ထားကာဆိုးသွမ်းနေသူဖြစ်ကြောင်း မူးဒူးရွာခံတစ်ဦးကရှင်းပြသည်။

ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာနေ ဒလန်( ဖိုးရှူး )ကို ကျေးရွာ အတွင်း ဓားထောက်လုယက်ခြင်း ၊ ၎င်း မိဘနှစ်ဦးကို အဆိပ်ခပ်သတ်ခြင်း နှင့် စစ်သတင်းပေးခြင်းများကြောင့် YUG-TPDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ တွင် ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

အလားတူ ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီအချိန် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ်၊ ပွေးနဖားကျေးရွာတွင် ပျူစောထီး တင်မိုး(ခ) ပေါက်ခေါကို ချိုးဖြူပျောက်ကျားတပ် JPGF က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ပျူစောထီး တင်မိုးက ၎င်းကို PDF များက လာရောက် သတ်ဖြတ်မည်ကို စိုးရိမ်၍ ခြံလုံးပြည့် CCTV တပ်ဆင်ထားသော်လည်း လာရောက် ပစ် ခတ်သူများကို CCTV တွင်တွေ့မြင်ရသော်လည်း ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ဒေသခံများနှင့် ချိုးဖြူပျောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။

စစ်ကောင်စီသတင်းပေးဟုဆိုသူများ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးရာတွင် အဆိုပါသေဆုံးသူများသည် သတင်းပေး ဟုတ်၊ မဟုတ် မြေပြင်အခြေအနေကို ရန်ကုန်ခေတ်သစ်သတင်းဌာနက အတည်ပြုနိုင်ခြင်းမရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article