28 C
Yangon

သင်္ဃန်းကျွန်းတွင် ဗုံးဆင်ရင်းသေဆုံးသူ ၂ ဦးမှာ မဘသ၊ အမျိုးသားရေးသမား များဖြစ်ပြီး သု၀ဏ္ဏ မဘသ ထွန်းကျော်၏ တပည့် များဖြစ်၊ မဘသနှင့် အမျိုး သားရေးသမားများက လူထုအကြားတွင် ဗုံးခွဲမှုများ လုပ်ဆောင်၍ PDF ကိုနာမည်ဖျက်

Must read

ရန်ကုန်၊ ဇူလိုင် ၃၁

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏ ၂၉ ရပ်ကွက်၊ ကောက်သွယ် ၁ လမ်းရှိ အိမ်ပိုင်ရှင် သိန်းဦး၏ နေအိမ်တွင် ယနေ့ နံနက်ပိုင်း ဗုံးဆင်ရင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းဗုံးပေါက်ကွဲမှုတွင် သေဆုံးခဲ့သူ ၂ ဦးမှာ စစ်တပ်ထောက်ခံသူ၊ မဘသနှင့် သတင်းပေးများဖြစ်ကြောင်း မဘသသတင်းရင်းမြစ်၊ ဒေသခံများနှင့် ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၅ နာရီအချိန် သု၀ဏ္ဏ ၂၉ ရပ်ကွက်၊ ကောက်သွယ် ၁ လမ်း နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် သု၀ဏ္ဏ မဘသ ထွန်းကျော်၏ တပည့်ဖြစ်သူ မဘသ နေလင်း အသက် ၂၄ နှစ် ၊ အသက် ၂၈ နှစ်အရွယ် မဘသ ပြည့်ဖြိုးဦး(ခ) အကြီးကောင် တို့ သေဆုံးသွားကြောင်း၊ သေဆုံးသူ ၂ ဦးသည် မဘသ ထွန်းကျော်နှင့်အတူ ဇူလိုင်လ ၂၇ ရက်နေ့ ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့၏ နေအိမ်များကို ဆဲဆိုတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြသူများဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ ဗုံးပေါက်တဲ့အိမ်က ရပ်ကွက်မှာ မဘသအိမ်ပဲ ။ ဗုံးဆင်ရင်း သေသွားတာကလည်း သု၀ဏ္ဏ မဘသ ထွန်းကျော်တပည့်တွေပဲ။ သေသူတွေက နယ်ခံတွေမဟုတ်ဘူး၊ ပဲခူးကလာတာ။ သု၀ဏ္ဏ မဘသ ထွန်းကျော်လည်း အဲဒီအိမ်ကို အဝင်အထွက်ရှိနေတာ။ အခုမှ အကြောင်းစုံသိရတာက မဘသတွေ ဗုံးဆင်ရင်းသေတာ။ ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရသူကတော့ မဘသအဖွဲ့ဝင် ယောက္ခမ” ဟု သင်္ဃန်းကျွန်းရဲတပ်ဖွဲ့နှင့်ထိတွေ့မှုရှိနေသည့် ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

သေဆုံးသူ ၂ ဦးဖြစ်သည့် မဘသ နေလင်းနှင့် ပြည့်ဖြိုးဦးတို့သည် မဘသ ဘုန်းကြီးတစ်ပါးဖြစ်သည့် သုစိတ္တ နာယက အဖြစ် ဦးစီးထူထောင်ထားသည့် MNO မြန်မာနိုင်ငံဆိုင်ရာအမျိုးသားရေးအစည်းအရုံး ၏ အသင်းဝင်များလည်းဖြစ်ကြသည်ဟု သိရှိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်တပ်က ဖြစ်စဉ်ကို လာရောက် ကြည့်ရှုရုံမျှသာ လုပ်ဆောင်ပြီး မိသားစုထံသို့ အလောင်းပြန်ပေးကြောင်း၊ မည်သူကိုမှလည်း ဖမ်းဆီးခြင်းမရှိကြောင်း၊ ယင်းအမှုကိစ္စနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ကိုလည်း စစ်တပ်က စုံစမ်းမေးမြန်းမှု လုံး၀ လုပ်ဆောင်ခြင်းမရှိဟု ဒေသခံများက ပြောဆိုကြသည်။

“အဲဒီဗုံးကွဲမှုပြီးတော့ စစ်ခွေးတွေက ဘယ်သူမှ မဖမ်းဘူး။ တကယ်လို့သာ PDF ၊ UG ဆိုရင်တော့လား မိသားစုတွေလည်း အကုန်ဖမ်းမှာ၊ ပတ်ဝန်းကျင်လည်း မေးမြန်းမှာပေါ့။ ဗုံးကွဲလို့သေတဲ့ အလောင်းပြန်ပေးမလား။ အခုက သေတဲ့သူတွေက မဘသဆိုတော့ စစ်တပ်ဘက်က အတော်အေးအေး ဆေးဆေးပဲ။ အကြောင်းသိလို့ အေးဆေးတာပေါ့” ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

သု၀ဏ္ဏမှ မဘသနှင့် အမျိုးသားရေးသမား အစွန်းရောက် ထွန်းကျော်သည် ယခုအချိန်အထိ စစ်တပ်နှင့် မဘသအတွက် အလုပ် လုပ်နေပြီး မဘသ ဘုန်းကြီး သုစိတ္တ၏ တပည့်အရင်းဖြစ်ကြောင်း၊ လက်ရှိတွင် MNO မြန်မာနိုင်ငံဆိုင်ရာအမျိုးသားရေးအစည်းအရုံး ဦးဆောင်သူတစ်ဦးအဖြစ်ပါဝင်နေဆဲဖြစ်ကြောင်း မဘသနှင့်အမျိုးသားရေးလှုပ်ရှားသူများ အကြောင်း သိရှိထားသူ ကိုဟိဏ်းဝေယံက ပြောဆိုသည်။

“သု၀ဏ္ဏထွန်းကျော်ဆိုတာက MNO၊ မဘသ သုစိတ္တရဲ့ တပည့်အရင်း ။ မျိုးညစ်အဖွဲ့ MNO မှာ ဦးဆောင်သူတစ်ဦးအနေနဲ့ပါတယ်။ ဗဟန်းရေခဲဆိုင်မှတ်တိုင်၊ ဗဟန်း ဘင်္ဂလားတိုက်၊ ဦးသာသနာကျောင်းဝင်းထဲက သုစိတ္တကျောင်းမှာ အရင်ကတည်းက ဖောက်ခွဲရေး လက်နက်တွေ၊ ဗုံးတွေ ထားခဲ့ဖူးတယ်။ ထွန်းကျော်က NLD အစိုးရလက်ထက် လှိုင်ရဲစခန်းမှာ အမှုဖွင့်ခံထားရဖူးတယ်” ဟု ကိုဟိဏ်းဝေယံက ဆိုသည်။

သု၀ဏ္ဏ မဘသ ထွန်းကျော်သည် ယမန်နှစ် စက်တင်ဘာလ ၂၈ ရက်နေ့ သု၀ ဏ္ဏ ၂၅ ရပ်ကွက်၊ သပြေညိုလမ်းထိပ်တွင် PDF လူငယ် ၁ ဦးကို လက်လုပ်ဗုံး၊ ဓားတစ်ချောင်းနှင့် ပြည်သူများက ၀ိုင်းဖမ်းမိသည့်ပုံစံ ဇတ်လမ်းဆင်သော ဗီဒီယို ဖိုင်တစ်ခုကို လုပ်ကြံ ဖန်တီးပြီး လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့ကြောင်း၊ ယင်းဗီဒီယိုတွင် ထွန်းကျော်နှင့်အတူ ပဲခူးမှ ကြံ့ဖွတ်ပါတီဝင် စန္ဒီမြင့်အောင်တို့ပါ ပျောက်ကြားဝတ်စုံဖြင့် ပြည်သူပုံစံမျိုး အဖြစ် ပါဝင်ဇတ်လမ်း ဆင် ဖမ်းဆီးမှု လုပ်ဆောင်ခဲ့ကြောင်း ကိုဟိဏ်းဝေယံက ပြောသည်။

မဘသနှင့် အမျိုးသားရေးသမားများက လူထုကြားတွင် ပြည်သူကို ထိခိုက်စေ သော ဗုံးခွဲမှုများ လုပ်ဆောင်ပြီး PDF ကို နာ မည်ဖျက်သည့် လုပ်ရပ် ကျူးလွန်လာကြောင်း၊ လက်ရှိ သု၀ဏ္ဏတွင် ဗုံးဆင်ရင်း မဘသ နှင့် အမျိုးသားရေး လှုပ် ရှားသူ ၂ ဦးသေဆုံးမှုကို ကြည့်လျှင် မြင်သာကြောင်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် လော်ဘီ တယ်လီဂရမ်လူမှုကွန်ရက်များတွင် သင်္ဃန်းကျွန်း ဗုံးကွဲမှုမှ သေဆုံးသူ ၂ ဦးမှာ PDF များဟု ဝါဒဖြန့်မှုများကိုလည်း လုပ်ဆောင် နေသည်ကိုတွေ့ရသည်။

ဓာတ်ပုံ- မဘသ ထွန်းကျော်၏ ပုံများ၊ ဗုံးပေါက်ကွဲသော သင်္ဃန်းကျွန်းအိမ်နှင့် သေဆုံးသူ ၂ ဦး၏ ပုံများဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article